
စစ်အာဏာရှင်ဘက်က အရပ်သားတွေအပေါ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်လုပ်နေသရွေ့တော့ နိုင်ငံရေးကိစ္စတွေ ဆွေးနွေးဖို့ဆိုတာ တော်တော်လေး ခက်ခဲလိမ့်မယ်လို့ အာရက္ခတပ်တော် (AA) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောလိုက်ပါတယ်။
မေ ၅ ရက်က “The Diplomat” မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။
စစ်အာဏာရှင်အနေနဲ့ အင်အားသုံးပြီး ဖိအားပေးနေမဲ့အစား မြေပြင်မှာ တကယ်ဖြစ်နေတဲ့ အခြေအနေတွေကို အခြေခံပြီး ဆွေးနွေးဖို့ကိုပဲ အာရုံစိုက်သင့်တယ်လို့လည်း သူက ထောက်ပြထားပါတယ်။
စစ်အာဏာရှင်ဟာ ၂၀၂၃ ခုနှစ်မတိုင်ခင်က အခြေအနေမျိုး ပြန်သွားဖို့ဆိုတဲ့ လက်တွေ့မကျတဲ့ တောင်းဆိုချက်တွေ လုပ်မနေဘဲ နိုင်ငံရေးအရ ရင့်ကျက်တဲ့ ဆွေးနွေးမှုတွေပဲ လုပ်ဖို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တိုက်တွန်းထားပါတယ်။
တကယ်လို့ ၂၀၂၃ မတိုင်ခင် အခြေအနေကို ပြန်သွားချင်တယ်ဆိုရင်တော့ AA အနေနဲ့လည်း ရခိုင်ပြည်လွတ်လပ်ရေး ဆုံးရှုံးခဲ့တဲ့ ၁၇၈၄ ခုနှစ်က အခြေအနေဆီကိုပဲ ပြန်သွားဖို့ ရှိတယ်လို့ တုံ့ပြန်ထားပါတယ်။
အာရက္ခတပ်တော်ရဲ့ အခုလို စစ်ရေးအောင်မြင်မှုတွေဟာ ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့ လူ့အသိုက်အဝန်းတွေကြားမှာ ယုံကြည်မှု တည်ဆောက်နိုင်လို့ ဖြစ်တာပါလို့လည်း ဆိုပါတယ်။
ဒါ့အပြင် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့နဲ့လည်း မြေပြင်အခြေအနေကို လက်ခံပြီးတော့ ကုန်သွယ်ရေး၊ ဒုက္ခသည်ကိစ္စနဲ့ ဒေသတွင်း လုံခြုံရေးတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိနေတယ်လို့ AA ခေါင်းဆောင်က ပြောကြားသွားခဲ့ပါတယ်။
အာဏာသိမ်းပြီး တက်လာတဲ့ စစ်အာဏာရှင်အစိုးရက ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေးဆွေးနွေးကြဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။
Source: The Diplomat











