
အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခတွေကြောင့် ဖြစ်ပေါ်လာတဲ့ လူနေမှုစရိတ် မြင့်မားလာမှုကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ ထိုင်းအိမ်ထောင်စုတွေအနေနဲ့ ဟင်းသီးဟင်းရွက်တွေ ကိုယ်တိုင်စိုက်ပျိုးပြီး တိရစ္ဆာန်မွေးမြူကြဖို့ ထိုင်းအထက်လွှတ်တော်အမတ်တဦးက အကြံပြုလိုက်တဲ့အကြောင်း Khaosod သတင်းမှာ ဖော်ပြပါတယ်။
မတ် ၂၃ ရက်က ကျင်းပတဲ့ အထက်လွှတ်တော် အစည်းအဝေးမှာ အထက်လွှတ်တော်အမတ် ဖာထီမာဂျီရာဖတ််က ပြောလိုက်တာဖြစ်ပြီး လတ်တလော လောင်စာဆီစျေးနှုန်းတွေ အဆမတန် မြင့်တက်လာတာကြောင့် ကုန်ပစ္စည်းအားလုံး စျေးနှုန်းတွေ လိုက်ပါမြင့်တက်လာကြောင်းနဲ့ ဥပမာအားဖြင့် ကြက်ဥတလုံးကို ထိုင်းငွေ ၂၀ စတန်းလောက် ဈေးတက်သွားတာကို ထောက်ပြခဲ့ပါတယ်။
ဒါ့အပြင် သူက ဆက်လက်ပြီးတော့ လူအများစု အလွယ်တကူ ဝယ်ယူစားသုံးနိုင်ပြီး အသက်ရှင် ရပ်တည်ရေးအတွက် အဓိကကုန်ပစ္စည်းတခုဖြစ်တဲ့ မာမား ခေါက်ဆွဲခြောက်ထုပ်တွေလည်း ဈေးတက်လာနိုင်ကြောင်း သတိပေးလိုက်တာပါ။
ဒါကြောင့်မို့ ကုန်ဈေးနှုန်း မြင့်တက်လာမှုတွေကို အနီးကပ်စောင့်ကြည့်နိုင်ဖို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို သူက တိုက်တွန်းလိုက်သလို တချို့သော ကုန်ဈေးနှုန်း တက်တာတွေက ထုတ်လုပ်မှုစရိတ်ကြောင့် ဖြစ်ပေမဲ့ တချို့ကတော့ အခွင့်ကောင်းယူ ဈေးတင်တာမျိုးတွေလည်း ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
ဘယ်လိုဈေးနှုန်းတိုးမြှင့်မှုမဆို အကြောင်းပြချက်မရှိဘဲ ရုတ်တရက် ခုန်တက် သွာတာမျိုး မဖြစ်သင့်ဘဲ ကုန်ကျစရိတ် တည်ဆောက်ပုံနဲ့ တက်လာတဲ့ ရာခိုင်နှုန်း အချိုးအစားတို့ကို ရှင်းလင်းစွာ အသိပေးသင့်ကြောင်းလည်း သူက ဆိုပါတယ်။
ဒါ့အပြင် လက်ရှိအကျပ်အတည်းက စွမ်းအင်ကဏ္ဍသာမက ကုန်ကြမ်းစရိတ် ကြီးမြင့်မှုကြောင့် ပလတ်စတစ်ပစ္စည်းတွေ အပါအဝင် ကုန်စည်အမျိုးမျိုးကိုပါ သက်ရောက်နေပြီဖြစ်တယ်လို့လည်း အထက်လွှတ်တော်အမတ် ဖာထီမာ ဂျီရာဖတ်က ပြောပါတယ်။
သူက စိုက်ပျိုးရေးကဏ္ဍမှာ ဘိုင်အိုဒီဇယ်ကို ပိုမိုအသုံးပြုဖို့ အကြံပြုခဲ့သလို အိမ်ထောင်စုတစုကို ကြက် ၂ ကောင် မွေးတာ၊ ငါးမွေးတာ၊ ဟင်းသီးဟင်းရွက်စိုက်တာ စတဲ့ မိမိကိုယ်ကိုယ် အားကိုးနိုင်မဲ့ နည်းလမ်းတွေကို ကျင့်သုံးကြဖို့ တိုက်တွန်းခဲ့ပြီး ကမ္ဘာ့အခြေအနေ ပိုမိုတင်းမာလာပါက ရေရှည်ဖြေရှင်းနည်းအဖြစ် အဲဒီလို ဆောင်ရွက်သင့်ကြောင်း အကြံပြုထားတာပါ။
Source: Khaosod










