
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်အာဏာရှင်တပ်က ကြည်း၊ ရေ၊ လေ ပေါင်းပြီး ထိုးစစ်ဆင် နေတာ ၁၄ ရက်တာ ကြာမြင့်လာပါပြီဖြစ်ပြီး အာရက္ခတပ်တော် (AA) ရဲ့ ခုခံမှုကြောင့် အထိနာ နေတာကြောင့် လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံနဲ့ လေ့လာသူတွေက ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ စစ်တွေကတဆင့် ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို ထိုးစစ်ဆင်နေပေမဲ့ အာရက္ခတပ်တော် (AA) ရဲ့ ဖြတ်တောက် တိုက်ခိုက်မှုတွေကြောင့် ရှေ့မတိုးနိုင်ဘဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။
မြေပြင်တိုက်ပွဲတွေမှာ အရေးနိမ့်နေတဲ့ စစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေအပြင် ကွမ်းတောင်ရွာနဲ့ ပတ်ဝန်းကျင်ကိုပါ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပါတယ်။
စက်တင်ဘာ ၁၇ ရက် မနက်ပိုင်းမှာတင် ပုဏ္ဏားကျွန်းမြို့နယ်ထဲကို ၂ ကြိမ် ဗုံးကြဲခဲ့ပေမဲ့ နောက်ဆက်တွဲ အခြေအနေကို မသိရသေးဘူးလို့ ရခိုင်ဒေသခံ စစ်ရေးသတင်းရင်းမြစ်က မြေပြင် အခြေအနေကို ပြောပါတယ်။
“မနေ့ကလည်း တနေကုန်ကြဲတာရှိတယ် ပုဏ္ဏားကျွန်းကို၊ မနေ့က ကွန်းတောင်ရွာကို ကြဲတာ၊ အခုလည်း အဲဒီနေရာပဲထင်တယ်။ ကွန်းတောင်မှာ တိုက်ပွဲလည်း ပြင်းထန်နေတာရှိတယ်။ သူတို့ တပ်ဆုတ်လာတာ ရှိသလို အဲဒါကြောင့်မလို့ မနေ့ကလည်း တနေကုန်ကြဲတယ်။ ညတုန်းကလည်း သူတို့ ညဉ့်နက်တဲ့အထိကို ဗုံးကြဲနေတာ တွေ့တယ်။ အခုလည်း ကြဲပြန်ပြီ။ ဆိုတဲ့အခါ သူတို့အရင် ဒီ မင်းချောင်းတံတားထိပ်အထိ သူတို့ ရောက်တယ်။ အခု မင်းချောင်းတံတားဂိတ်ကို ကိုယ့်ဘက်က ပြန်ထိန်းချုပ်လိုက်ပြီ။”
မြေပြင်အခြေအနေကို DVB အနေနဲ့ အသေးစိတ် အတည်မပြုနိုင်သေးပေမဲ့ စစ်တပ်က ပုဏ္ဏားကျွန်းဘက်ကို စက်တင်ဘာ ၄ ရက်ကနေ ခုချိန်ထိ သီတင်း ၂ ပတ်ကြာ ထိုးစစ်ဆင်နေတာပါ။
ဒါကြောင့် မင်းချောင်းတံတား၊ ဝါဘို၊ မင်းလှနဲ့ ခမောင်းတော ဝန်းကျင်တွေ အပါအဝင် စစ်တွေ-ပုဏ္ဏားကျွန်းအစပ် တလျှောက်မှာ ထိတွေ့တိုက်ပွဲတွေ၊ လေကြောင်းနဲ့ ဒရုန်းဗုံးချမှုတွေ အပြင် လက်နက်ကြီးပစ်ခတ်မှုတွေ ဖြစ်ပွားနေတာပါ။
စစ်အာဏာရှင်တပ်က ပုဏ္ဏားကျွန်းဘက်ကို ထိုးစစ်ဆင်မှုအပေါ် စစ်ရေးလေ့လာသူ CDM ဗိုလ်ကြီး ကိုဇင်ယော်က “အဓိကကတော့ ကျနော်တို့ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ပေါ့နော်၊ ရခိုင် မြောက်ပိုင်းကို ဖြတ်ဖို့အတွက်ဆိုရင် ဒီ ပုဏ္ဏားကျွန်း လမ်းဆုံပေါ့နော်၊ ပုဏ္ဏားကျွန်း လမ်းခွဲက အချက်အချာ ဖြစ်တယ်။ အဲဒါကြောင့် သူတို့က ဒီ ကျန်တဲ့ မြို့သုံးမြို့ကို ထပ်ပြီးတော့ ဖြတ်တောက်ချင်လို့ ပုဏ္ဏားကျွန်း လမ်းဆုံပေါ့နော်၊ ဒါက ကျနော်တို့ ဒါ စစ်ရေး ပထမရည်မှန်းချက်။ တကယ်လို့ သူတို့ ပုဏ္ဏားကျွန်းကိုသာ ရခဲ့ပြီးပြီဆိုရင် ကျောက်တော်လမ်းဆုံ ပလက်ဝလမ်းခွဲ နေရာမျိုးတွေထိ LOC လမ်းကြောင်းတွေကို တဖြည်းဖြည်းချင်း ထိန်းချုပ်ဖို့ ကြိုးစားလာတဲ့ အနေအထားမျိုးပေါ့နော်။ သူတို့ ပုဏ္ဏားကျွန်းမြို့ထက် ရသေ့တောင်လမ်းဆုံက သူတို့ရဲ့ စစ်ရေး ရည်မှန်းချက် အဓိက ဖြစ်တယ်လို့တော့ ကျနော်တို့ကတော့ မြင်ရပါတယ်ဗျ” လို့ သုံဂသပ်ပါတယ်။
စစ်အာဏာရှင်ဟာ သူတို့ရဲ့ စစ်ရေးရည်မှန်းချက် ပြည့်ဝဖို့အတွက် လေကြောင်းကို အသုံးပြုနေသလို စစ်ရေယာဉ်တွေနဲ့ပါ ပစ်ခတ်နေတာပါ။
ဒါပေမဲ့ လက်ရှိအချိန်အထိတော့ စစ်အာဏာရှင်တပ်ဟာ ထိုးစစ်ကို ရှေ့မတိုးနိုင်သေးဘဲ AA ရဲ့ ဖြတ်တောက် တိုက်ခိုက်မှုတွေနဲ့ ဆက်လက် ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။
စိုးသူအောင်











