DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် လမ်းလျှောက်နေသူအား တိုက်ပြီးထွက်ပြေးသည့် ယာဉ်မောင်း ဖမ်းဆီးခံရ
DVB
·
September 16, 2026
Photo : Yangon-Mandalay Expressway Webportal
Photo : Yangon-Mandalay Expressway Webportal
Donate to DVB

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်မှာ လမ်းလျှောက်နေသူကို သေဆုံးအောင် တိုက်မိခဲ့တဲ့ ယာဉ်မောင်းကို လူသေစေမှုပုဒ်မနဲ့ ဖမ်းဆီးအမှုဖွင့်ထားတယ်လို့  အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနဲ့ ကြီးကြပ်ရေးအဖွဲ့က စက်တင်ဘာ ၁၆ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

အမြန်လမ်းပေါ် နေပြည်တော်က ရန်ကုန်ဘက်အပြန်လမ်း မိုင်တိုင် ၁၇၇/၇ နဲ့ ၁၇၈/၀ ကြားမှာ စက်တင်ဘာ ၁၅ ရက် မနက်အစောပိုင်း ၁၂ နာရီခွဲလောက်က အသက် ၄၅ နှစ်အရွယ် အမျိုးသားတယောက် လမ်းပေါ် လဲကျသေဆုံးနေတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

သေဆုံးသူဟာ ဘယ်သူမှန်းမသိရသေးသလို ဘယ်ကားက တိုက်သွားတယ်ဆိုတာလည်း မသိရဘဲ ရန်ကုန်ဘက် ဆက်မောင်းသွားတယ် ဆိုတာကိုပဲ စစ်ဆေးတွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီနောက် ယာဉ်မောင်း အောင်ချို (၃၆) နှစ် မောင်းနှင်လာတဲ့ YUTONG အမျိုးအစား “စွမ်းထက်သာ” ခရီးသည်တင်ကားဟာ ကားလေကာ မှန်ကွဲ၊ ညာဘက် မီးလုံးကွဲနေတာကို ဖြူးတိုးဂိတ်အရောက်မှာ သက်ဆိုင်ရာအဖွဲ့တွေက တွေ့ရလို့ စစ်ဆေးတဲ့အခါ စောစောက ဖော်ပြပါနေရာမှာ လမ်းလျှောက်နေသူကို တိုက်မိခဲ့ကြောင်း ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ယာဉ်တိုက်မှုဖြစ်တဲ့အခါ အမြန်လမ်းရဲတပ်ဖွဲ့ဆီကို သတင်းပို့အစစ်​ဆေးခံဖို့ ပျက်ကွက်ခဲ့တဲ့ ​ယာဥ်​မောင်း ​အောင်ချို ကို ပုဒ်မ ၃၀၄(က)/၂၀၂ နဲ့ တရားစွဲဆိုခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အမြန်လမ်းမကြီးများ ဥပဒေ အခန်း ၇၊ ပုဒ်မ ၁၃ မှာ ‘တည်ဆဲဥပဒေတရပ်ရပ်မှာ ဘယ်လိုပဲ ပါရှိပါစေ၊ အမြန်လမ်းမကြီးပေါ်မှာ မောင်းခွင့်မပြုတဲ့ မော်တော်ယာဉ်၊ လှည်းနဲ့ ဖြတ်သန်းသွားလာခွင့်မပြုတဲ့ တခြားယာဉ်တွေ မောင်းနှင်တာ၊ ရပ်နားတာ၊ လူ၊ တိရစ္ဆာန်တွေ ဖြတ်သန်းသွားလာတာကြောင့် လူနဲ့ ပစ္စည်းထိခိုက်တာ ဒါမှမဟုတ် သေဆုံးတာဖြစ်ခဲ့ရင် ဥပဒေနဲ့အညီ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာမောင်းနှင်တဲ့ ယာဉ်မောင်းမှာ တာဝန်မရှိစေရလို့ ပြဋ္ဌာန်းထားပါတယ်။

ဒါပေမဲ့ အမြန်လမ်းပေါ်မှာ ယာဉ်တိုက်မှုဖြစ်ရင် အမြန်လမ်းရဲတပ်ဖွဲ့ရဲ့ စစ်​ဆေးမှုကို ခံယူအတည်ပြုဖို့ လိုအပ်ပြီး လူ၊ စက်ဘီး၊ ​ထော်လာဂျီ၊ လှည်း စတာတို့ကို တိုက်မိရင် တိုက်ခံရသူတွေဟာ အမြန်လမ်းမကြီးများဥပ​ဒေကို ​ဖောက်ဖျက်သူ မှန်၊ မမှန်နဲ့ ယာဉ်မောင်းဟာ ဥပဒေနဲ့အညီ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာ​မောင်းနှင်သူ ဟုတ်၊ မဟုတ်တို့ကို အမြန်လမ်းရဲတပ်ဖွဲ့က စစ်​ဆေးအတည်ပြုမယ်လို့ ဆိုပါတယ်။

ဒါမှ စည်းကမ်းလိုက်နာပါလျက် မ​တော်တဆ ယာဉ်တိုက်မှု ကျူးလွန်မိသူ ယာဉ်မောင်းဟာ အမြန်လမ်းမကြီးတွေ ဥပ​ဒေရဲ့ အကာအကွယ်ကို ခံစားရမှာဖြစ်ပြီး တိမ်းရှောင် ထွက်ပြေးသွားရင်တော့ အကာအကွယ်ရမှာမဟုတ်ဘဲ တခြားလမ်းတွေမှာဖြစ်တဲ့ ယာဉ်တိုက်မှုလိုမျိုး ပြစ်မှုပြစ်ဒဏ်တွေ ခံစားရမယ်လို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနဲ့ ကြီးကြပ်ရေးအဖွဲ့က ဆိုပါတယ်။

အခု တရားစွဲဆိုထားတဲ့ ပုဒ်မ ၃၀၄(က) ဟာ ၇ နှစ်အထိ ထောင်ဒဏ်ချနိုင်ပြီး ငွေဒဏ်လည်း ချနိုင်ပါတယ်။

လူသေမယ် ဆိုတာ သိလျက်နဲ့လုပ်ရင်တော့ ထောင် ၁၀ နှစ်အထိ ချနိုင်ပြီး ထုတ်ပြန်ချက်မှာ ဖော်ပြထားတဲ့ ပုဒ်မ ၂၀၂ သတင်းထိမ်ချန်မှုကတော့ ထောင် ၆ လအထိ ချနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013