DVB Logo
Home
Lead Story
ခရိုနီသူဌေး ဦးတေဇ၏သား စစ်မှုမထမ်းရရန် မြို့နယ်က ကျပ်သိန်းရာချီ လာဘ်စားပြီး လူစားထိုးပေး
DVB
·
May 18, 2026
ခရိုနီသူဌေး ဦးတေဇ။ (Photo: HTOO Foundation)
ခရိုနီသူဌေး ဦးတေဇ။ (Photo: HTOO Foundation)
Donate to DVB

စစ်မှုထမ်းအပတ်စဥ် ၂၅ မှာ စစ်အာဏာရှင်တွေနဲ့ နီးစပ်တဲ့ ခရိုနီသူဌေး ဦးတေဇရဲ့သားဖြစ်သူ ထူးထက်တေဇ အလှည့်ရောက်လာပေမဲ့ မြို့နယ်က ငွေကျပ် သိန်းရာချီ လာဘ်စားကာ  လူစားထိုးပေးလိုက်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မေ ၁၄ ရက်မှာ စစ်မှုထမ်းစာရင်းသွင်းဖို့အတွက် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် ၁၀ ရပ်ကွက်၊ အင်းယားလမ်း ခြံအမှတ် ၈၆ မှာ နေထိုင်တဲ့ ဦးတေဇရဲ့ သားဖြစ်သူ ထူးထက်တေဇကို မြို့နယ်ထွေအုပ်ရုံးကို လာခဲ့ဖို့ မေ ၇ ရက်က ဆင့်ခေါ်ခဲ့တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က  DVB ကို ပြောပါတယ်။

“စာက အတုမဟုတ်ဘူး၊ အစစ်၊ မြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးဥက္ကဋ္ဌကိုယ်တိုင် လက်မှတ်ထိုးထားတဲ့စာ၊ သူ့နေရာမှာ ကျပ်သန်း  ၁၈၀ နဲ့ လူစားထိုးလိုက်တယ်လို့ သိရတယ်။ လူစားထိုးပြီးမှ စာအတုလို့ပြောရင်တော့ မသိဘူး။”

လှုမှုကွန်ရက်ပေါ်  ပျံ့နှံ့နေတဲ့စာမှာ အတုမဟုတ်ဘဲ ကမာရွတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြင့်သူ ကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့စာဖြစ်တယ်လို့ နီးစပ်သူက ပြောပြပါတယ်။

စစ်မှုထမ်းခိုင်းဖို့အတွက် ထူးထက်တေဇ နေရာမှာ မေ ၁၂ ရက်က ကမာရွတ်မြို့နယ်၊ ၆ ရပ်ကွက်၊ ပြည်ရိပ်မွန်အိမ်ရာအနီး ဖမ်းဆီးတဲ့ လူငယ်တယောက်ကို စစ်အာဏာရှင်တပ်က ဗိုလ်မှူးထင်လင်းအောင်နဲ့ အဖွဲ့က လူအစားထိုးပေးလိုက်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

ကမာရွတ်ဒေသခံတယောက်က “စစ်တပ်၊ ထွေအုပ်နဲ့ ရဲ ငွေရဖို့အတွက် သူဌေးသားသမီးတွေကို ဆင့်ခေါ်စာပို့မယ်၊ လူစားထိုးပေးမယ်၊ ပိုက်ဆံယူမယ်၊ အဲဒီသူဌေးသားသမီးတွေနေရာမှာ မရှိဆင်းရဲသားတွေ အဖမ်းခံရပြီး ရောင်းစားခံရမယ်၊ ဒီသဘောပဲ” လို့ ပြောပါတယ်။

အခုလို လာဘ်ငွေယူပြီး စစ်မှုထမ်းကင်းလွတ်ခွင့်ပေးနေတဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်အာဏာရှင် လက်အောက်ခံ ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပါဘူး။

မေ ၆ ရက်နဲ့ ၈ ရက်က မြောက်ဒဂုံမြို့နယ်၊ ၅၀ ရပ်ကွက်၊ အနော်ရထာလမ်းမှာနေထိုင်တဲ့ အသက် ၃၁ နှစ်အရွယ် ကိုကျော်ကျော်အောင်နဲ့ လှိုင်မြို့နယ်၊ ၁၆ ရပ်ကွက်၊ ပါရမီလမ်းမှာ နေထိုင်တဲ့ အသက် ၁၉ နှစ်အရွယ် မောင်ကောင်းပြည့်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးခဲ့ပါတယ်။

နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမဲ့  ဥပဒေကို အာဏာသိမ်း စစ်ခေါင်းဆောင်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က အသက်သွင်းခဲ့ပြီး မတ် ၂၈ ရက်မှာ စတင်သင်တန်းပေးခဲ့ရာ အခုဆို အပတ်စဥ် ၂၅ အထိ ရောက်လာပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013