
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ စက်တင်ဘာ ၂၈ ရက်က စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား အယောက် ၅၀ သေဆုံးကာ ၆၀ နီးပါး ဒဏ်ရာရခဲ့တဲ့အပေါ် စိုးရိမ်တဲ့အကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက အောက်တိုဘာ ၃ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဒါ့အပြင် ဖိလစ်ပိုင်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းတွေကို အကောင်းဆုံး ကူညီဖြေရှင်းပေးနိုင်မဲ့ နည်းလမ်းတွေနဲ့ ပတ်သက်လို့ ဒေသတွင်း အဖွဲ့အစည်းတွေ ဆွေးနွေးပွဲတွေ ပြုလုပ်နိုင်ရန် ကူညီဆောင်ရွက်ပေးရေး အသင့်ရှိကြောင်းလည်း ပြောပါတယ်။
ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာ လက်ထောက်အတွင်းဝန် အန်နာ မာရီ ဟာနန်ဒိုက “ဖိလစ်ပိုင်နိုင်ငံအနေနဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို အနီးကပ် စောင့်ကြည့်နေပြီး တိုက်ခိုက်မှုတွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေ၊ လူအသက်ဆုံးရှုံးမှုတွေနဲ့ ထိခိုက်ဒဏ်ရာရရှိမှုတွေ ဖြစ်ပေါ်ခဲ့တာနဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်မိပါတယ်”လို့ ရိုက်တာသတင်းဌာနရဲ့ မေးမြန်းချက်ကို ပြန်လည် ဖြေကြားခဲ့ပါတယ်။
ဒါ့ပြင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ နိုင်ငံအနေနဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောထားအမြင်တွေကို အလေးထားပြီး ဒေသတွင်း အဖွဲ့အစည်းတွေရဲ့ အများသဘောတူညီချက်ပေါ် အခြေခံတဲ့ ချဉ်းကပ်မှု နည်းလမ်းအတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံကို ဘယ်လို ကူညီနိုင်မယ်ဆိုတဲ့ နည်းလမ်းတွေလည်း အာဆီယံအတွင်း ဆွေးနွေးနိုင်ဖို့အတွက် ကူညီဆောင်ရွက်ပေးဖို့ အသင့်ရှိပြီး မြန်မာနိုင်ငံကိုယ်တိုင် ဦးဆောင်တဲ့ အဖြေရှာမှုတရပ် ရရှိရေး ဘုံရည်မှန်းချက်နဲ့ ရပ်တည်နေကြောင်း ဖိလစ်ပိုင်နိုင်ငံက ပြောပါတယ်။
စက်တင်ဘာ ၂၈ ရက်က ကျောက်တော်မြို့ အိန္ဒိယဈေးနဲ့ ကိစ္ဆပနဒီတံတားအနီးသို့ စစ်အာဏာရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေး၊ အမျိုးသမီး၊ ဈေးသည်၊ ဈေးဝယ်သူနဲ့ မော်တော်ယာဉ်မောင်းတွေ အပါအဝင် ပြည်သူ အယောက် ၅၀ သေဆုံးပြီး ၅၇ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားပါတယ်။
ကျောက်တော်မြို့ ဗုံးကြဲမှုကြောင့် အရပ်သားတွေ အစုအပြုံလိုက် ထိခိုက်သေဆုံးခဲ့ရမှုအပေါ် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ (EU)၊ ဗြိတိန် (UK) နဲ့ NUG၊ တိုင်းရင်းသား အင်အားစုတွေက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချထားကြပြီး စစ်ပွဲဆိုင်ရာ ဥပဒေတွေကို လိုက်နာဖို့ အရပ်သားတွေကို ကာကွယ်ပေးဖို့ တောင်းဆိုထားပါတယ်။
ပြည်တွင်းပြည်ပက တောင်းဆိုနေပေမဲ့ စစ်အာဏာရှင်တပ်ကတော့ ရခိုင်ပြည်သူတွေကို နေ့စဉ် ဗုံးကြဲ သတ်ဖြတ်နေပြီး စက်တင်ဘာ ၃၀ ရက်၊ အောက်တိုဘာ ၁ ရက်နဲ့ အောက်တိုဘာ ၃ ရက်နေ့တွေမှာ ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲ စတဲ့ မြို့နယ်တွေကို လေကြောင်းကနေ ထပ်မံဗုံးကြဲခဲ့လို့ အရပ်သား ၄ ယောက် သေဆုံးကာ ၂၁ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း AA က ထုတ်ပြန်ထားပါတယ်။
Source: Reuters










