ရုရှားအစိုးရက ယူကရိန်းအပေါ် အကြီးမားဆုံး ပဲ့ထိန်းဒုံးကျည်တိုက်ခိုက်မှုတွေထဲက တခုကို စတင်ခဲ့ပြီး ကိယက်ဗ် မြို့တော်နဲ့ ပတ်ဝန်းကျင်ဒေသကို အဓိကပစ်မှတ်အဖြစ် ပစ်မှတ်ထားခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဇူလိုင် ၁၉ ရက်မှာ ပြောပါတယ်။
ရုရှားဟာ ပဲ့ထိန်းဒုံးကျည်တွေကို ဆက်အားကိုးနေပြီး မဟာမိတ်တွေအနေနဲ့ အရင်က သဘောတူထားတဲ့ လေကြောင်းကာကွယ်ရေး ကမ်းလှမ်းချက်တွေ ပို့ပေးတာကို အရှိန်မြှင့်ဖို့လည်း တိုက်တွန်းပါတယ်။
အသက်တွေကို ကာကွယ်ဖို့ ဒုံးခွင်းဒုံးတွေကို နေ့တိုင်း တကယ်လိုအပ်နေတယ်လို့ ညနေခင်း ဗီဒီယိုမိန့်ခွန်းမှာ ဇလန်းစကီးက ပြောပါတယ်။
ယူကရိန်းဟာ ရုရှားရဲ့ ရေနံကဏ္ဍနဲ့ သိမ်းပိုက်ထားတဲ့ တပ်ဖွဲ့တွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေကို ပစ်မှတ်ထားပြီး တာဝေးတိုက်ခိုက်မှုတွေနဲ့ အစီအမံတွေကတဆင့် ဆက်ပြီးလက်တုံ့ပြန်သွားမယ်လို့လည်း ပြောပါတယ်။
ဇူလိုင် ၁၉ ရက် အစောပိုင်းမှာ ရုရှား ဒုံးကျည်တွေက ကိယက်ဗ်မြို့တော်နဲ့ အနီးတဝိုက်ဒေသတွေကို ထိမှန်ခဲ့လို့ လူတယောက်ထက်မနည်း သေဆုံးပြီး ၁၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။
တိုက်ခိုက်မှုကြောင့် သယ်ယူပို့ဆောင်ရေးဝင်ပေါက်အတွင်း အကြီးအကျယ် ပျက်စီးဆုံးရှုံးခဲ့လို့ လူကီယာ နစ်ဗ်ကာ မြေအောက်ရထားဘူတာကို အာဏာပိုင်တွေက ခရီးသည်တွေအတွက် ယာယီပိတ်ထားခဲ့ရပါတယ်။











