အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနက လိုအပ်ရင် ညှိနှိုင်းဖို့ရော တိုက်ခိုက်ဖို့ပါ အသင့်ရှိနေတယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရတ်ချီက မေ ၂၀ ရက်မှာ ပြောလိုက်ပါတယ်။
ကွယ်လွန်သူ နိုင်ငံခြားရေးဝန်ကြီးဟောင်းတွေဖြစ်တဲ့ ကမယ်လ် ခါရာဇီနဲ့ ဟူစိန် အာမီယာ အဗ်ဒူလာဟိန်တို့ကို ဂုဏ်ပြုတဲ့ အောက်မေ့ဖွယ်အခမ်းအနားမှာ ခုလိုပြောလိုက်တာပါ။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သံတမန်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုတွေကို စစ်ဘက်တပ်မှူးတွေနဲ့အတူ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း သူက ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အီရန်နဲ့ ညှိနှိုင်းမှုတွေက နောက်ဆုံးအဆင့်မှာ ရှိနေပြီး အီရန်က သဘောတူညီချက်တရပ်ကို သဘောမတူပါက နောက်ထပ်တိုက်ခိုက်မယ်လို့ သတိပေးနေချိန်မှာ အာရတ်ချီက ခုလို မှတ်ချက်ပေးခဲ့တာပါ။
အီရန်သမ္မတ မာဆွတ် ပေဇက်ရှ်ကီယန်က “သံတမန်ရေးဆိုင်ရာ ဖြေရှင်းချက်အတွက် လမ်းကြောင်းအားလုံးကို ကျနော်တို့ဘက်က ဖွင့်ထားဆဲဖြစ်ပေမဲ့ လက်နက်ချဖို့ အီရန်ကို အတင်းအကျပ် ဖိအားပေးခြင်းက မှားယွင်းတဲ့ အယူအဆသာ ဖြစ်တယ်” လို့ သတိပေးခဲ့ပါတယ်။
အီရန်ရဲ့ ပါရှန်ပင်လယ်ကွေ့ ရေလက်ကြား အာဏာပိုင်အဖွဲ့သစ်က ဟော်မုဇ်ရေလက်ကြားမှာ ဖြတ်သန်းသွားလာခွင့်ပါမစ် လိုတဲ့ “ကြီးကြပ်ရေးဧရိယာ” တခု တည်ထောင်မယ်လို့ ကြေညာခဲ့ပြီး ခွင့်ပြုချက်မရှိဘဲ ဖြတ်သန်းသွားလာခြင်းကို တရားမဝင်ဘူးလို့ ယူဆမယ်လို့လည်း ဖော်ပြထားပါတယ်။
အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိုထိန်းချုပ်ထားပြီး ရေနံတင်သင်္ဘောတွေ ခွင့်ပြုချက်ရယူဖို့ ဖိအားပေးနေတယ်လို့ အစ္စရေး လေ့လာသုံးသပ်သူ ဒန်နီ စီတီနိုဝစ်ဇ်က ပြောခဲ့ပါတယ်။
သင်္ဘောတွေဟာ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနကတဆင့် တောင်းဆိုချက်တွေကို တင်သွင်းရမှာဖြစ်ပြီး အဲဒီနောက်မှာ တော်လှန်ရေးအစောင့်တပ် အပါအဝင် ရေတပ်ဆီ သတင်းပေးပို့ရမှာပါ။
“သူတို့ ခွင့်ပြုချက်ရပြီးမှသာ ရေလက်ကြားကနေ ထွက်သွားနိုင်မှာဖြစ်ပါတယ်” လို့ သူက ထပ်လောင်းပြောကြားပြီး လုပ်ငန်းစဉ်ရဲ့ တစိတ်တပိုင်းအနေနဲ့ အခကြေးငွေတွေကိုလည်း ကောက်ခံနိုင်တယ်လို့ ထောက်ပြခဲ့ပါတယ်။
ရေကြောင်းသွားလာမှုဒေတာနဲ့ အချိန်ပြပုံရိပ်တွေအရ ကျဉ်းမြောင်းတဲ့ ရေလမ်းကြောင်းကတဆင့် ပိတ်ဆို့နေတာတွေ ဆက်ရှိနေပြီး ဂရုတစိုက် သွားလာနေတာကို ပြသနေပါတယ်။
အိုမန်နိုင်ငံ မူဆန်ဒမ်ကျွန်းဆွယ်က ဗီဒီယိုမှတ်တမ်းတွေက ရေလက်ကြားအတွင်းနဲ့ အနီးတဝိုက်မှာ သင်္ဘောတွေ ရပ်နေတာကို မှတ်တမ်းတင်ထားပါတယ်။
Source: Reuters










