DVB Logo
Home
မြန်မာသတင်း
ပုသိမ်-မုံရွာလမ်းပေါ် ခွင့်ပြုချက်မရှိဘဲ ၅ ဦးထက်ပို စုဝေးပါက အင်အားသုံးဖမ်းဆီးမည်ဟု ထုတ်ပြန်
DVB
·
March 23, 2017
ပုသိမ်-မုံရွာလမ်းပေါ် ခွင့်ပြုချက်မရှိဘဲ ၅ ဦးထက်ပို စုဝေးပါက အင်အားသုံးဖမ်းဆီးမည်ဟု ထုတ်ပြန်
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကနေ မတ်လ ၂၂ ရက် ရက်စွဲနဲ့ စာရွက် ၂ မျက်နှာပါတားမြစ်မိန့်တစောင်ကို ထုတ်ပြန်လိုက်ပါတယ်။

ဒီတားမြစ်မိန့်ထဲမှာ မိုးကြိုးပြင်တောင်ကျေးရွာ၊ အလယ်ကျေးရွာနှင့် မြောက်ကျေးရွာအနီး ပုသိမ်-မုံရွာ လမ်းမကြီးပေါ်မှာ လူစုလူဝေးတွေက ဖြတ်သန်းသွားလာနေတဲ့ မော်တော်ယာဉ်များကို အတားအဆီး ပြုလုပ်ပြီး ပိတ်ဆို့တားဆီးတာ၊ ယာဉ်နဲ့ လူတွေကို ထိန်းသိမ်းထားတာ၊ ခွင့်ပြုချက်မရှိဘဲ စုဝေးတာ၊ စီတန်းလှည့်လည်တာ စတဲ့အများပြည်သူတွေကို အနှောင့်အယှက်ဖြစ်စေတဲ့ ဆောင်ရွက်ချက်တွေ ပြုလုပ်နေလို့ အများပြည်သူ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးအတွက်လည်းကောင်း၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက်လည်းကောင်း ဆားလင်းကြီးမြို့နယ် ရဟန်းရှင်လူ ပြည်သူတရပ်လုံးလိုက်နာရန် အောက်ပါအတိုင်းတားမြစ်လိုက်သည် ဆိုပြီးပါရှိပါတယ်။ တားမြစ်ချက် အပိုဒ်၂ မှာ ဤတားမြစ်မိန့်ကို လိုက်နာဖို့ ပျက်ကွက်သူကို လုံခြုံရေးတာဝန်ထမ်းဆောင်သူတို့က အင်အားသုံးဖမ်းဆီး တည်ဆဲဥပဒေတရပ်ရပ်အရ ထိရောက်စွာအရေးယူခြင်းခံရမယ်လို့ ရေးသား ထုတ်ပြန်ထားပါတယ်။

လက်ပံတောင်းတောင်ဒေသ၊ မိုးကြိုးပြင်ရွာတွေအနီးမှာ ဝမ်ပေါင်ကုမ္ပဏီကိုသွင်းနေတဲ့ ကျောက်ကား တွေ မဆင်မခြင်မောင်းနှင်လို့ ဒေသခံတွေရဲ့ အိမ်မွေးတိရိစ္ဆာန်တွေ ကားတိုက်မိပြီးသေဆုံးတာ၊ လူတွေပါထိခိုက်မိတာ၊ တာဝန်ယူမှု တာဝန်ခံမှုမရှိတာတွေကြောင့်ဆိုပြီး ဒေသခံတွေက ကျောက်ကား တွေဖြတ်သန်းသွားလာခြင်းကို နည်းလမ်းအမျိုးမျိုးနဲ့ ပိတ်ဆို့တားဆီးနေကြတာလည်းဖြစ်ပါတယ်။

မတ်လ ၁၁ ရက်နေ့ကလည်း မိုးကြိုးပြင်မြောက်ရွာက ဈေးဝယ်သွားတဲ့ အမျိုးသမီးတဦးကို ကားတစီး က တိုက်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရခဲ့ပြီး ဆေးရုံတက်ရသည်အထိဖြစ်ခဲ့ပါတယ်။ အဲဒီကတည်းက တိုက်မိတဲ့ကားကို သိချင်တာကြောင့်ဆိုပြီး ဒီနေ့အထိ ကျောက်ကားသွားလာခွင့်မပြုဘဲ ဒေသခံတွေက တားဆီးထားတာဖြစ်တယ်လို့ ဒေသခံတဦးက ဆိုပါတယ်။
ဒီ တားမြစ်မိန့်ထုတ်ပြန်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ မြို့နယ်ထွေအုပ်၊ ခရိုင်ထွေအုပ်တို့ကို ဖုန်းဆက်မေးမြန်းခဲ့ပေမယ့် အစည်းအဝေးလုပ်နေလို့ဆိုတာကြောင့် မေးမြန်းခွင့်မရခဲ့ပါဘူး။

သတင်း - အောင်ကိုလတ်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013