
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာ ကား ၃ စီးပေါ်ကနေ ငွေကျပ် သိန်းပေါင်း ၈၉,၀၀၀ ကျော် တန်ဖိုးရှိတဲ့ စိတ်ကြွဆေးတွေ သိမ်းဆည်းရမိတယ်လို့ စစ်ကောင်စီပြန်ကြားရေး ထုတ်ပြန်ပါတယ်။
မတ် ၂၁ ရက် မနက် ၉ နာရီလောက်က မကာဟိုခမ်းရပ်ကွက်၊ ပိတောက်လမ်း မြလင်းပွင့်မိုတယ်နားမှာ မသင်္ကာဖွယ် ကား ၃ စီး ရပ်ထားတယ်ဆိုတဲ့ သတင်းအရ ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေး ရှာဖွေရာမှာ Toyota Fortuners အမျိုးအစား လိုင်စင်မဲ့ အဖြူရောင်ကားပေါ်ကနေ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားတွေထည့်ထားတဲ့ ဆာလာအိတ်အလုံး ၃၀၊ Toyota Hilux Single Cub အမျိုးအစား လိုင်စင်မဲ့ခဲရောင်ကားပေါ်ကနေ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားတွေ ထည့်ထားတဲ့ ဆာလာအိတ် ၃၇ လုံး၊ Ford အမျိုးအစား လိုင်စင်မဲ့အဖြူရောင် ကားပေါ်ကနေ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားတွေ ထည့်ထားတဲ့ ဆာလာအိတ် ၂၂ လုံး တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဆာလာအိတ်တလုံးမှာ စိတ်ကြွဆေးပြား ၂ သိန်းစီပါတာကြောင့် စုစုပေါင်း စိတ်ကြွဆေးပြား ၁၇၈ သိန်း ခန့်မှန်းငွေကျပ် ၈၉,၀၀၀ ကျော်ကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိခဲ့ပြီး တရားခံတွေ ဖမ်းဆီးရမိရေးအတွက် ဆက်လက်ရှာဖွေနေတယ်လို့တော့ ထုတ်ပြန်ထားပါတယ်။










