
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ တလခွဲအတွင်း မူးယစ်ဆေးဝါး ရောင်းချသုံးစွဲသူ ဒီလပ်တပ်ဖွဲ့ဝင် ၇ ယောက်နဲ့ ကျောင်းသားလူငယ် ၁၄ ယောက် အပါအဝင် လူ ၇၇ ယောက်ကို ဖမ်းဆီးထားကြောင်း အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရ ပြန်ကြားရေးဌာနရဲ့ အာရက္ခမင်းသမီး မီဒီယာ (APM) က ဇူလိုင် ၂၃ ရက်မှာ ဖော်ပြပါတယ်။
ဇွန် ၂ ရက်ကနေ ဇူလိုင် ၁၇ ရက်အထိ တလခွဲအတွင်း ဒီလပ်တပ်ဖွဲ့က ဖမ်းဆီးထားသူတွေအထဲမှာ ULA/AA တပ်ဖွဲ့ဝင် ၇ ယောက်၊ ကျောင်းသားလူငယ် ၁၄ ယောက် အပါအဝင် အမျိုးသား ၅၆ ယောက်၊ အမျိုးသမီး ၂၁ ယောက်တို့ ပါဝင်တယ်လို့ ကျောက်တော်မြို့ ဒီလပ်စခန်း တာဝန်ရှိသူတယောက်က ပြောကြားထားပါတယ်။
ဇူလိုင်လအတွင်း မူးယစ်ဆေးဝါးရောင်းချသူ အမျိုးသား ၈ ယောက်နဲ့ အမျိုးသမီး ၁၃ ယောက်ကို ဖမ်းဆီးရမိထားသလို မူးယစ်ဆေးဝါးသုံးစွဲသူ ကျောင်းသား ၈ ယောက်၊ အမျိုးသား ၂၃ ယောက်နဲ့ အမျိုးသမီး ၃ ယောက်တို့ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဇွန်လအတွင်းမှာ မူးယစ်ဆေးဝါးရောင်းချသူ အမျိုးသမီး ၄ ယောက်၊ မူယစ်ဆေးဝါးသုံးစွဲသူ ဒီလပ်တပ်ဖွဲ့ဝင် ၃ ယောက်၊ ကျောင်းသား ၃ ယောက်၊ အမျိုးသား ၁၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက်တို့ကို ဖမ်းဆီးခဲ့နိုင်ခဲ့တယ်လို့ ဒီလပ်တပ်ဖွဲ့ရဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။
အဲဒီ ဖမ်းဆီးမှုတွေအတွင်း မူးယစ်ဆေးဝါးရောင်းချသူတွေဆီက (WY) စာတန်းပါ မူးယစ်ဆေးပြား ၈,၀၀၀ ခန့်နဲ့ ကျပ်ငွေ ၁,၉၇၆,၀၀၀ ကျပ်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ ဖမ်းဆီးရမိထားသူတွေကို ဥပဒေ လုပ်ထုံးလုပ်နည်း အကြံပြုချက်နဲ့အညီ တရားစွဲဆိုသွားမှာဖြစ်ပြီး ကွင်းဆက်တရားခံတွေကိုလည်း ဆက်လက်စုံစမ်း ဖော်ထုတ်နေတယ်လို့ ပြောထားပါတယ်။
ဒီလပ်တပ်ဖွဲ့အနေနဲ့ မူးယစ်ဆေးဝါး သုံးစွဲသူနဲ့ ရောင်းချသူတွေကို ခွဲခြားမှုမရှိဘဲ ဖမ်းဆီးမှုတွေကို ဆက်တိုက်ပြုလုပ်နေသလို ဥပဒေအရလည်း အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ ဒီလပ်တပ်ဖွဲ့နဲ့ နီးစပ်သူ အမျိုးသားတယောက်က ပြောပါတယ်။
“ဒီလပ်တပ်ဖွဲ့အနေနဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လာရင် ဘယ်သူ၊ ဘယ်ဝါလို့ ခွဲခြားထားမှာ မဟုတ်ဘူး။ သုံးစွဲတာပဲဖြစ်ဖြစ်၊ ရောင်းချတာပဲဖြစ်ဖြစ်၊ ပါဝင်ပတ်သက်တာပဲဖြစ်ဖြစ် ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွားမှာပါ။”
၂၀၂၄ ခုနှစ်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှာ မူးယစ်ဆေးဝါး သုံးစွဲ၊ ရောင်းဝယ်မှုအတွင်း ပါဝင်ပတ်သက်တဲ့ ဒီလပ်တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီး အရေးယူခဲ့ဖူးပါတယ်။
ကျောက်တော်မြို့နယ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုမှာ ကျောင်းသားတွေ ပါဝင်နေမှုအပေါ် ကာယကံရှင် မိသားစုဝင်တွေနဲ့ အာဏာပိုင်တွေအကြား အငြင်းပွားမှုတွေရှိနေကြပြီး မြေပြင်မှာ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။











