DVB Logo
Home
မြန်မာသတင်း
အာရက္ခထီအပေါ် ဒေသခံတွေအမြင်က ဘယ်လိုရှိပါလဲ 
ကေခိုင်
·
May 26, 2026
Photo: AA
Photo: AA
Donate to DVB

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ဗဟိုအကောက်ခွန်နှင့် အခွန်ဌာနရဲ့ ထုတ်ပြန်ချက်အရ ဂဏန်း ၆ လုံး ပါဝင်တဲ့ အာရက္ခထီလက်မှတ်တွေကို လာမဲ့ ဇွန် ၁ ရက်ကစတင်ပြီး တရားဝင် ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။

လစဉ် လဆန်း ၁ ရက်နေ့တိုင်း ဖွင့်လှစ်ပေးသွားမဲ့ ထီလက်မှတ်တစောင်ကို ငွေကျပ် ၁,၀၀၀ သတ်မှတ်ထားပြီး ရခိုင်ပြည်နယ်အတွင်းရှိ အာရက္ခထီလက်မှတ်တွေကို ထီအရောင်းဆိုင်တွေနဲ့ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် အကောက်ခွန်ရုံးတွေမှာ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

ရခိုင်ဒေသခံတယောက်ကတော့ မိမိတို့ပြည်နယ်ရဲ့ တရားဝင်ထီ ပေါ်ပေါက်လာမဲ့အပေါ် ဝမ်းသာစကား ဆိုထားပါတယ်။

ရခိုင်ဒေသခံတယောက်က “အရင်ကဆိုရင် ထိုင်းထီတွေ၊ စင်ကာပူထီတွေကို အွန်လိုင်းကနေ ထိုးနေကြတာတွေ ရှိတယ်ပေါ့။ အခုတော့ ကိုယ့်ပြည်နယ်မှာ ကိုယ်တွေရဲ့ တရားဝင်ထီကို ထိုးရမယ်ဆိုတော့ ဝမ်းသာပါတယ်။ ပြီးတော့ ထီဖိုးကလည်းလေ တစောင်ကိုမှ ငွေကျပ် ၁,၀၀၀ တည်းလို့တော့ ကြားတယ်ပေါ့။ ဒီငွေ ၁,၀၀၀ ဆိုတာက လူတန်းစားမရွေး အကုန်လုံး ထိုးနိုင်တဲ့ ပမာဏဆိုတော့လေ ဝမ်းသာပါတယ်။ ပြီးတော့ ဒီရခိုင်ကနေ အဝေးရောက်နေတဲ့ ပြည်သူတွေကလည်း အွန်လိုင်းကနေ ထိုးလို့ရရင် ကောင်းမယ်။ အွန်လိုင်းကနေ ထိုးလို့ရတဲ့ စနစ်လေးတွေရှိရင် ကောင်းမယ်ဆိုပြီးတော့ ပြောနေကြတာတွေတော့ ရှိပါတယ်” လို့ ပြောပါတယ်။

အာရက္ခထီမှာ ဆုကြေးငွေတွေအနေနဲ့ ပထမဆု ကျပ်သိန်း ၅၀၀၊ ဒုတိယဆု ကျပ်သိန်း ၃၀၀ အပါအဝင် စုစုပေါင်းဆု ၃၉ ဆု ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

ထီဖွင့်ပွဲကို လစဉ် လဆန်း ၁ ရက်နေ့မှာ ဗဟိုအကောက်ခွန်နှင့် အခွန်ဌာန၊ အာရက္ခထီ (လောင်ပေါ်) ဌာနခွဲမှာ ဖွင့်လှစ်မှာဖြစ်ပြီး အွန်လိုင်းနဲ့ မီဒီယာတွေကတဆင့် တိုက်ရိုက်ထုတ်လွှင့်သွားမှာပါ။

အာရက္ခထီကနေ ရရှိလာမဲ့ ဝင်ငွေရဲ့ ၅၀ ရာခိုင်နှုန်းကို ဆုကြေးငွေအဖြစ် ပြန်လည်ပေးအပ်မှာဖြစ်ပြီး ကျန် ၅၀ ရာခိုင်နှုန်းကိုတော့ ကျန်းမာရေး၊ ပညာရေးနဲ့ လမ်းတံတား တည်ဆောက်ရေးလို လူမှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေအတွက် ပြန်လည်အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

နောက်ထပ် ဒေသခံတယောက်ကလည်း ခက်ခဲကျပ်တည်းနေတဲ့ ကာလအတွင်း ထီဆုကံစမ်းခွင့်အပေါ် သူ့အမြင်ကို ပြောပြပါတယ်။

“ဒေသခံတယောက်အနေနဲ့ကတော့ ဒီကိစ္စကို ကြိုဆိုတယ်ပေါ့လေ။ ဘာလို့ဆို ခုလိုကျပ်တည်းနေတဲ့ ပဋိပက္ခကာလထဲမှာ ဘာပဲဖြစ်ဖြစ် လူတွေက မျှော်လင့်ချက်တခုတော့ ရသွားတာပေါ့။ အစိုးရဘက်ကလည်း ပညာရေး၊ ကျန်းမာရေး စတဲ့ ပြည်သူ့ဝန်ဆောင်မှုပေးမဲ့ အခွန်အခတွေလည်း ရလာနိုင်တဲ့အတွက် ပြည်သူတွအနေနဲ့လည်း အဲဒီဝန်ဆောင်မှုတွေကို အရင်ကထက် ပိုပြီးတော့ ရလာမယ်လို့ မျှော်လင့်တာပေါ့လေ။ ဘာပဲဖြစ်ဖြစ် ရခိုင်ပြည်သူတွေ အတွက် ဒုက္ခတွေခံနေရတဲ့ အချိန်မှာ မျှော်လင့်ချက်လေးတခုပေါ့။ နောက်တခုက အဲဒီလိုမျိုး လုပ်လိုက်တဲ့အတွက် တရားမဝင်တဲ့ ၂ လုံး ၃ လုံး ဒီလောင်းကစားတွေ အတော်အတန်တော့ လျော့ကျသွားမယ်လို့ ထင်ပါတယ်။”

ဒါပေမဲ့ ထီဆုကြေး ထုတ်ပေးတာနဲ့ ပတ်သက်ပြီး ထီပေါက်သူအနေနဲ့ ပြစ်မှုကျူးလွန်တယ်လို့ ယုံကြည်ရတဲ့ အကြောင်းရင်း ရှိပါက ဆုငွေထုတ်ပေးတာကို ရပ်ဆိုင်းထားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲဒီစည်းကမ်းချက်အပေါ် ဥပဒေကြောင်းအရ ဝေဖန်သုံးသပ်စရာတွေ ရှိနေတယ်လို့ ရခိုင်က ရှေ့နေတယောက်က ထောက်ပြထားပါတယ်။

“ပြစ်မှုဆိုင်ရာ ပြစ်မှုကျူးလွန်လို့ ဆုငွေ ထုတ်မပေးတာဟာ၊ ရာဇဝတ်ကြောင်းအရ အပြစ်မရှိလို့ မှတ်ယူခြင်းဆိုတဲ့ အခြေခံမူကို ကျော်လွန်တယ်လို့ မြင်ပါတယ်။ တရားရုံး တရုံးရုံးက ပြစ်ဒဏ်ချမှတ်ပြီး အကျဉ်းသားဖြစ်နေသူ ဆိုရင်တော့ တမျိုးပေါ့။ ရပ်ဆိုင်းထားပိုင်ခွင့်ရှိတယ် ဆိုရင် ဆုငွေထုတ်ပေးဖို့ ဘယ်လိုအကြောင်းပြချက်တွေ ရှိလဲ ဆိုတာလည်း မတွေ့ရပါဘူး။”

ဒါ့အပြင် ထီဆုမဲပေါက်သူအနေနဲ့ ထီပေါက်တဲ့နေ့ကစလို့ တနှစ်အတွင်း လာရောက်ထုတ်ယူခြင်း မရှိရင် ဆုကြေးငွေကို အခွန်ဘဏ္ဍာအဖြစ် သိမ်းယူသွားမယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ပြည်တွင်းက ပြည်သူတွေသာမက ပြည်ပရောက် အဝေးရောက် ရခိုင်ပြည်သူတွေ အတွက်ပါ အွန်လိုင်းကတဆင့် လွယ်လင့်တကူ ထီထိုးနိုင်မဲ့ စနစ်တခု ဖော်ဆောင်ပေးဖို့ မျှော်လင့်နေကြပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013