အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ အီရန်ဘက်က အဆိုတင်ပြချက် တင်လာပြီး ဆွေးနွေးမှုတွေ ပြီးဆုံးသွားချိန်အထိ အီရန်အပစ်အခတ်ရပ်စဲရေးကို ဆက်တိုးထားမယ်လို့ ဧပြီ ၂၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
ထရမ့်ပ်က Truth Social မှာ ပို့စ်တခုတင်ခဲ့ပြီး အီရန်ခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ်တွေဘက်က တညီတညွတ်တည်းဖြစ်မဲ့ အဆိုပြုချက်တခု ထွက်ပေါ်လာတဲ့အထိ တိုက်ခိုက်မှုတွေကို ခေတ္တဆိုင်းငံ့ထားပေးဖို့ ပါကစ္စတန်ရဲ့ တောင်းဆိုချက်ကြောင့် လုပ်ဆောင်ရတာလို့ ရေးသားထားပါတယ်။
“အီရန်အစိုးရအတွင်းမှာ အကွဲအပြဲတွေ ဖြစ်နေတာဟာ မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ ဒါပေမဲ့ ပါကစ္စတန်ရဲ့ စစ်သေနာပတိချုပ် အာဆင်မွန်နီယာနဲ့ ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်ဖ်တို့က အီရန်ဘက်က ခေါင်းဆောင်တွေ တညီတညွတ်တည်းဖြစ်မဲ့ အဆိုပြုချက်တခု တင်ပြနိုင်ဖို့ အချိန်ပေးပါဦးလို့ တောင်းဆိုလာတာကြောင့် အီရန်ကို တိုက်ခိုက်မဲ့အစီအစဉ်ကို ဆိုင်းငံ့ပေးလိုက်တာပါ” လို့ ဆိုထားတာပါ။
“ဒါကြောင့်လည်း ကျနော်က စစ်တပ်ကို ပင်လယ်ရေကြောင်း ပိတ်ဆို့မှုတွေ ဆက်လုပ်ထားဖို့နဲ့ တခြားကဏ္ဍပေါင်းစုံမှာလည်း အဆင်သင့် အနေအထားအတိုင်း ဆက်ရှိနေဖို့ အမိန့်ပေးထားပါတယ်။ သူတို့ဘက်က အဆိုပြုချက် တင်သွင်းလာပြီး ဒီဆွေးနွေးမှုတွေ တနည်းမဟုတ် တနည်းနဲ့ အပြီးသတ် အဖြေထွက်လာတဲ့အထိ အပစ်အခတ်ရပ်စဲရေးကို ဆက်ပြီး သက်တမ်းတိုးပေးထားမှာပါ” လို့ ထရမ့်ပ်က ပြောပါတယ်။
Source: Reuters










