
အာဖဂန်ဒုက္ခသည်တွေ တင်ဆောင်လာတဲ့ ထရပ်ကားတစီးဟာ အာဖဂန်နစ္စတန် အရှေ့ပိုင်း လာ့ဂ်မန်းပြည်နယ်မှာ မေ ၃၀ ရက်အစောပိုင်းက တိမ်းမှောက်သွားလို့ လူ ၂၂ ယောက်ထက်မနည်း အသက်ဆုံးရှုံးပြီး ၃၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ အာဖဂန်ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။
မြို့တော် ကဘူးလ်နဲ့ အရှေ့ပိုင်းပြည်နယ်တွေကို ဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းမကြီးပေါ်က ကာဂါယီခရိုင်၊ ဆာခါကန်ဒေသမှာ မတော်တဆမှု ဖြစ်ပြီး ယာဉ်မောင်းက ယာဉ်ကိုမထိန်းနိုင်တော့ဘဲ လမ်းကနေကွေ့ပြီး တိမ်းမှောက်သွားခဲ့တယ်လို့ ပြည်နယ် ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ပါတယ်။
သေဆုံးသူတွေထဲမှာ ကလေး ၁၀ ယောက်ထက်မနည်းနဲ့ အမျိုးသမီး ၅ ယောက် ပါတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒဏ်ရာရသူအားလုံးကို အနားက ဆေးရုံတွေဆီ ပို့ဆောင်ပေးခဲ့ပြီး အတော်များများဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့ ဆိုပါတယ်။
ကနဦးတွေ့ရှိချက်တွေအရ ယာဉ်တိုက်မှုရဲ့ အဓိကအကြောင်းရင်းက ပေါ့ပေါ့ဆဆ မောင်းနှင်မှုကြောင့်လို့ ညွှန်ပြနေပေမဲ့ စုံစမ်းစစ်ဆေးတာတွေ ဆက်လုပ်နေတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ယာဉ်မောင်းက စတီယာရင်နောက်မှာ အိပ်ပျော်သွားပြီးတဲ့နောက် ယာဉ်တိုက်မှု ဖြစ်ခဲ့တာလို့ အသက်ရှင်ကျန်ရစ်သူ မိုဟာမက်ဒူလာက သတင်းထောက်တွေကို ပြောပါတယ်။
စစ်ဘေးသင့်နိုင်ငံတဝန်း ပေါ့ပေါ့ဆဆမောင်းနှင်မှု၊ ယာဉ်တွေကြပ်ညပ်မှု၊ ပြုပြင်ထိန်းသိမ်းမှု ညံ့ဖျင်းတဲ့ အဝေးပြေးလမ်းမကြီးတွေနဲ့ ယာဉ်လမ်းကြောဆိုင်ရာ အခြေခံအဆောက်အအုံတွေ မလုံလောက်မှုတွေကြောင့် ယာဉ်မတော်တဆမှုတွေဟာ အာဖဂန်နစ္စတန်နိုင်ငံမှာ သေဆုံးမှုတွေရဲ့ အဓိက အကြောင်းရင်းတွေထဲက တခုအဖြစ် ရှိနေဆဲဖြစ်ပါတယ်။
Source: Reuters










