
အာဆီယံဘုံသဘောတူညီချက် မူ ၅ ရပ်ဟာ အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံရဲ့ တန်းတူရည်တူရှိမှုကို ထိခိုက်စေပြီး နိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းရေးကို စွက်ဖက်ခြင်းမပြုရတဲ့ အာဆီယံရဲ့အခြေခံမူတွေနဲ့ ကွဲလွဲနေတဲ့အပြင် မြန်မာနိုင်ငံရဲ့ လက်ရှိ ပကတိနိုင်ငံရေးအခြေအနေနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် လိုအပ်သလို သုံးသပ်ဆောင်ရွက်ပေးဖို့ စစ်အာဏာရှင်အစိုးရကို တိုက်တွန်းကြောင်း အဆိုကို ရှမ်းပြည်နယ်၊ ကလောမဲဆန္ဒနယ်က ဒေါက်တာနန္ဒာလှမြင့်က တင်သွင်းထားတာဖြစ်ပြီး ကိုယ်စားလှယ်အယောက် ၃၀ က ထောက်ခံဆွေးနွေးခဲ့ကြပါတယ်။
အဆိုနဲ့ပတ်သက်ပြီး စစ်အာဏာရှင်ခန့် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေက ဇူလိုင် ၉ ရက် ပြည်ထောင်စုလွှတ်တော်မှာ လာရောက်ရှင်းလင်းခဲ့ပြီး ထောက်ခံမဲများတဲ့အတွက် အဆိုကို အတည်ပြုလိုက်ပါတယ်။
စစ်အာဏာရှင်အစိုးရ တက်လာပြီး နှစ်လကျော်ကာလအတွင်းမှာ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ လာအို နိုင်ငံခြားရေး ဝန်ကြီးတွေ မြန်မာနိုင်ငံကို လာခဲ့ကြပြီး မကြာခင်မှာလည်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ လာဖို့ရှိတာ၊ သမ္မတအနေနဲ့လည်း မကြာခင်ကာလတွေမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ မိတ်ဆွေ နိုင်ငံတွေကို နှစ်နိုင်ငံချစ်ကြည်ရေးခရီးတွေ သွားဖို့ရှိနေတာတွေတာတွေဟာ ရွေးကောက်ခံအစိုးရတရပ်ရဲ့ သံတမံရေးရာအောင်မြင်မှုနဲ့ တရားဝင်ဖြစ်မှုတို့ကို ပြသတာပဲဖြစ်တယ်လို့ အဆိုကို ပြန်လည်ရှင်းလင်းရာမှာ ဦးတင်မောင်ဆွေက ပြောပါတယ်။
မြန်မာနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား ပြန်လည်ထိတွေ့ဆက်ဆံချဉ်းကပ်မှုကို နည်းလမ်းမျိုးစုံနဲ့ ဆောင်ရွက်နေတာကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ မြန်မာနိုင်ငံလာရောက်တဲ့ ခရီးစဉ်တွေက သက်သေပြနေပါတယ်။ မကြာခင်မှာလည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အလွတ်သဘောအစည်းအဝေးတခု ကျင်းပသွားဖို့ရှိပြီး မြန်မာနိုင်ငံကို ဖိတ်ကြားတဲ့အတွက် မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်သွားဖို့ ရှိပါတယ် လို့ ဦးတင်မောင်ဆွေက ဆိုပါတယ်။
လက်ရှိမှာလည်း အာဆီယံအနေနဲ့ မြန်မာ့အရေးကိစ္စနဲ့ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုတွေ ပြန်ရနေသလို မြန်မာနိုင်ငံနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ဆက်ဆံရေး ပြန်လည်တိုးတက်ကောင်းမွန်လာပြီး ကန့်သတ်ချက်တွေကို ပြန်လည်သုံးသပ်ဖို့ ဆွေးနွေးနေတယ်လို့လည်း ပြောပါတယ်။
ဒါကြောင့် မဝေးတော့တဲ့ အနာဂတ်မှာ အာဆီယံအတွင်း မြန်မာနိုင်ငံရဲ့ မူလအခန်းကဏ္ဍနဲ့ အခွင့်အရေး တွေ ပြန်လည်ရရှိတော့မယ်လို့ အပြည့်အဝယုံကြည်ပါတယ်။ ဒီလိုရရှိဖို့အတွက်လည်း နိုင်ငံခြားရေးဝန်ကြီး ဌာနအနေနဲ့ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားပါမယ်လို့ ဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အာဆီယံဥက္ကဋ္ဌရဲ့ နောက်ဆက်တွဲထုတ်ပြန်ချက်အနေနဲ့ မြန်မနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ ပြည်သူတွေအကျိုးအတွက် ငြိမ်းချမ်းတဲ့အဖြေရဖို့ သက်ဆိုင်သူအားလုံး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုပြလုပ်ဖို့၊ အာဆီယံအထူးကိုယ်စားလှယ်က ဆွေးနွေးမှုတွေမှာ ကြားဝင်ဖျန်ဖြေဆောင်ရွက်ဖို့၊ အာဆီယံလူသားချင်းစာနာမှုအကူအညီပေးရေးညှိနှိုင်းမှုဗဟို ဌာနကတဆင့် လူသားချင်းစာနာမှုအကူအညီပေးဖို့၊ အာဆီယံအထူးကိုယ်စားလှယ်အဖွဲ့က သက်ဆိုင်သူ အားလုံးနဲ့ တွေ့ဆုံဖို့ မြန်မာနိုင်ငံကို သွားရန်ဆိုတဲ့ အချက် ၅ ချက်ကို ထုတ်ပြန်ထားပါတယ်။
မကြာခင်ရက်ပိုင်းအတွင်းမှာ အာဆီယံဥက္ကဋ္ဌ ဖြစ်တဲ့ ဖိလစ်ပိုင်၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးအပါအဝင် အဖွဲ့ဝင်နိုင်ငံအချို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ အလွတ်သဘောတွေ့ဆုံပွဲကို ထိုင်းနိုင်ငံမှာ ပြုလုပ်သွားမှာဖြစ်သလို ထိုင်းနိုင်ငံခြားရေးဝန်ကြီးက NUG နဲ့ တိုင်းရင်းလက်နက်ကိုင် EROs တို့ကိုလည်း အလွတ်သဘောတွေ့ ဆုံဖို့ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။










