
စပိန်အာဏာပိုင်တွေဟာ စက်တင်ဘာ ၁၆ ရက်က ရွှေ့ပြောင်းဒုက္ခသည် ၆၅ ယောက်ကို ကယ်ဆယ် နိုင်ခဲ့ပြီး လန်ဇာရုတ် ကျွန်းဆီ ခေါ်ဆောင်သွားခဲ့ပါတယ်။
စပိန် ရေကြောင်းကယ်ဆယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဆဟာရတောင်ပိုင်း အာဖရိကဒေသက လာတဲ့ အမျိုးသား ၅၇ ယောက်၊ အမျိုးသမီး ၈ ယောက်တို့ကို ရုပ်အလောင်း ၃ လောင်းနဲ့အတူ မျောပါနေတဲ့ လေမှုတ် ရော်ဘာလှေပေါ်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး ကယ်ဆယ်ပြီးနောက် ဒုက္ခသည် တယောက်ကို အရေးပေါ်ဆေးကုသဖို့ ရဟတ်ယာဉ်နဲ့ ဆေးရုံပို့ပေးခဲ့ရပါတယ်။
ဒေသစံတော်ချိန် ည ၇ နာရီလောက်မှာ အရေးပေါ်အကူအညီတောင်းခံမှုကို ဂြိုဟ်တုကနေ လက်ခံ ရရှိပြီးနောက် စပိန်-မော်ရိုကို ပူးတွဲကယ်ဆယ်ရေး စစ်ဆင်ရေးကို စက်တင်ဘာ ၁၅ ရက် ကတည်းက စတင်ခဲ့တာပါ။
စပိန်နိုင်ငံ ကနေရီကျွန်းစုဆီ သွားရောက်ဖို့ ကြိုးပမ်းရင်း ကလေးငယ်တယောက် အပါအဝင် ရွှေ့ပြောင်းဒုက္ခသည် အများအပြား သေဆုံးခဲ့ရပြီးနောက်ပိုင်း နဲ့ မကြာသေးခင် ရက်ပိုင်းအတွင်း အဲဒီကျွန်းစုဆီ ပင်လယ်ရေကြောင်းကနေ ဒုက္ခသည် ၂၀၀ ထက်မနည်း ရောက်ရှိလာပြီးနောက်မှာ အခုလို ထပ်မံကယ်ဆယ်ခဲ့ရတာ ဖြစ်ပါတယ်။
Source:Reuters











