DVB Logo
Home
မြန်မာသတင်း
ရခိုင်လူငယ်များကို စစ်အာဏာရှင်တပ်နှင့် AA က ၂ ဖွဲ့လုံးက စစ်သားသစ်အဖြစ် စုဆောင်းနေ
DVB
·
September 2, 2026
Photo: APM ( AA စစ်ရေး လေ့ကျင့်နေပုံဟောင်း)
Photo: APM ( AA စစ်ရေး လေ့ကျင့်နေပုံဟောင်း)
Donate to DVB

ရခိုင်ပြည်နယ်က စစ်အာဏာရှင်တပ် ထိန်းချုပ်နယ်မြေတွေနဲ့ အာရက္ခတပ်တော်(AA) ထိန်းချုပ် နယ်မြေ ၂ ခုလုံးမှာ လူငယ်တွေကို ပစ်မှတ်ထားပြီး ပြည်သူ့စစ်မှုထမ်းအဖြစ် စစ်သားစုဆောင်း နေတယ်လို့ ဩဂုတ် ၃၁ ရက်ထုတ် အာရက္ခလေ့လာရေးစင်တာ (CAS)ရဲ့ သုတေသနစာတမ်းမှာ ဖော်ပြပါတယ်။

၂၀၂၄ ခုနှစ် အစောပိုင်းမှာ စစ်အာဏာရှင်တပ်က စတင်ကျင့်သုံးလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ ဟာ အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား ရခိုင်လူငယ်တွေအပေါ်မှာ ရခိုင်ပြည်တွင်းမှာဖြစ်စေ၊ နိုင်ငံတွင်း တခြားနေရာတွေမှာဖြစ်စေ တိုက်ရိုက်ခြိမ်းခြောက်မှုရှိတယ်လို့ သုတေသနစာစောင်က ဆိုပါတယ်။

စစ်အာဏာရှင်တပ် ထိန်းချုပ်ထားဆဲဖြစ်တဲ့ စစ်တွေ၊ ကျောက်ဖြူမြို့နယ်တို့မှာ ဒေသခံ ရိုဟင်ဂျာ၊ မွတ်စလင်တွေကို ခြိမ်းခြောက်ပြီးဖြစ်စေ၊ မက်လုံးပေးပြီးဖြစ်စေ၊ အဓမ္မတပ်သားအဖြစ် စစ်တပ်က စတင်စုဆောင်းခဲ့ပါတယ်။

၂၀၂၄ ခုနှစ် နှောင်းပိုင်းမှာတော့ ပြည်နယ်ရဲ့ မြို့နယ်အများစုကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် (AA) ဟာလည်း အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်(NDEP) ကို ပြဋ္ဌာန်းပြီး လူငယ်တွေကို ပြည်ပထွက်ခွာခွင့် တားမြစ်ပြီး တပ်သားသစ်တွေအဖြစ် စတင် စုဆောင်းလာတာ ကြောင့်  လူငယ်တွေဟာ ပြင်းထန်လာတဲ့ စစ်ပွဲတွေရဲ့ သားကောင် ဖြစ်ခဲ့တယ်လို့ ဆိုထားပါတယ်။

ဒ့ါအပြင် စစ်အာဏာသိမ်းမှု၊ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ စီးပွားရေးကျဆင်းမှုတွေအောက်မှာ ရခိုင်လူငယ်တွေရဲ့ ကောင်းမွန်တဲ့ အနာဂတ် အားနည်းလာပြီး၊ စစ်ပွဲတွေကြောင့် တက္ကသိုလ်နဲ့ ကောလိပ်တွေ ပိတ်သိမ်းခဲ့ရတဲ့အတွက် ပညာရေးဟာလည်း  တဝက်တပျက် ဖြစ်လာခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ အာရက္ခတပ်တော် (AA) ထိန်းချုပ်မြို့နယ်တွေမှာတော့ ၂၀၂၅ နဲ့  ၂၀၂၆ ခုနှစ်တွေမှာ  ပညာရေးလမ်းကြောင်းတွေ ပြန်လည်ဖော်ဆောင်လာနိုင်တာတွေ မြင်တွေ့လာရတယ်လို့ လည်း ပြောထားပါတယ်။

ရခိုင်လူငယ်မျိုးဆက်တခုလုံးဟာ စစ်ပွဲ၊ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှု၊ ပညာရေး လမ်းကြောင်း နှောင့်နှေးမှု၊ ရပ်ဆိုင်းမှုနဲ့ မိသားစုအကျပ်အတည်းတွေ ကြားမှာသာ ဆိုးကျိုးသံသရာ ထဲသို့ ရောက်ရှိလာနေပြီး မျိုးဆက်တခုလုံးနဲ့ ချီတဲ့ အနာဂတ် သက်ရောက်မှု ရှိလာနိုင်တာကြောင့် သက်ဆိုင်ရာ အစိုးရခေါင်းဆောင်တွေနဲ့ အရပ်ဘက်တာဝန်ရှိ အဖွဲ့အစည်းတွေအနေနဲ့လည်း ပိုပြီးကျယ်ပြန့်တဲ့ အစီအစဉ်တွေနဲ့ လူငယ်မျိုးဆက်တွေရဲ့ အနာဂတ်ကို ထည့်သွင်းစဉ်းစားသင့် တယ်လို့ သုတေသနစာစောင်က အကြံပြု တိုက်တွန်းထား ပါတယ်။

ရခိုင်က အသက် ၁၈ နှစ်နဲ့ ၄၅ နှစ်ကြား အမျိုးသားတိုင်းနဲ့ အသက် ၁၈ နှစ်နဲ့ ၂၇ နှစ်ကြား အမျိုးသမီးတွေကို စစ်မှုထမ်း အကျုံးဝင်သူတွေအဖြစ် အာရက္ခတပ်တော်(AA) က သတ်မှတ်ပြီး ထိန်းချုပ်မြို့နယ်တိုင်းမှာ လူသစ်စုဆောင်းနေတာလို့ မြောက်ဦးမြို့ခံ လူငယ်အမျိုးသားတယောက်က ပြောပါတယ်။

“ရခိုင်မှာ ရှိနေတဲ့ လူငယ်နဲ့ လူလတ်ပိုင်း အမျိုးသား အမျိုးသမီး အားလုံးက စစ်မှုထမ်းရမှာဆိုပြီး ပြဋ္ဌာန်းထားတာ ရှိတယ်။ ၂၀၂၅ ခုနှစ်ကစပြီလည်း မြို့နယ်တိုင်းမှာ စစ်မှုထမ်း ခေါ်တာတွေလည်း ပြုလုပ်နေပါပြီ။ စစ်မှုထမ်း ဆင့်ခေါ်ခံရတဲ့အထဲ သတ်မှတ်အသက်အရွယ်ထဲ အကျုံးဝင်သူ ကျောင်းသား၊ လူပျို၊ အိမ်ထောင်သည် အားလုံးပါတယ်။ မြို့နယ်နဲ့ တိုက်နယ်အပေါ်မူတည်ပြီး အမျိုးသား၊ အမျိုးသမီးနဲ့ ကျောင်းသားနဲ့ အိမ်ထောင်သယ် စစ်မှုထမ်းဖို့ ခေါ်တာ နည်းနည်းတော့ ကွာခြားမှုရှိတယ်။ တိုင်းပြည်ရဲ့ လိုအပ်ချက်အရ စစ်မှုထမ်းခေါ်တယ် ဆိုပေမဲ့လည်း လူတိုင်းက စစ်သားလုပ်ချင်ကြတာမဟုတ်ဘူးလေ။ ပြည်မဖြစ်စေ၊ နိုင်ငံခြားဖြစ်စေ ULA/AA ကလွှတ်တာ မဟုတ်ရင် ကိုယ်အစီအစဉ်နဲ့ကိုယ် ပညာသင် သွားခွင့်မရှိဘူး” လို့ပြောပါတယ်။ 

အာရက္ခတပ်တော်ဟာ ၂၀၂၃ ခုနှစ် မြို့သိမ်းတိုက်ပွဲ စတင်ပြီးနောက် ရခိုင်ပြည်နယ်က မြို့နယ် ၁၄ ခုနဲ့ ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားသလို လက်ကျန်စစ်အာဏာရှင် ထိန်းချုပ်ထားဆဲ မြို့နယ်တွေဖြစ်တဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်တို့ကို သိမ်းပိုက်နိုင်ဖို့ ပြင်ဆင် နေကြသလို စစ်တပ်ဘက်ကလည်း ခုခံကာကွယ်ဖို့ ပြည်သူ့စစ် လူငယ်တွေနဲ့ အင်အားဖြည့် ပြင်ဆင်နေကြပါတယ်။

လူငယ်ဦးဆောင်အဖွဲ့(YLO)အဖွဲ့ရဲ့ ဇွန်လထုတ်  အစီရင်ခံစာတွေအရလည်း ရခိုင်က လူငယ် ၅၅ ရာခိုင်နှုန်းဟာ အလုပ်လက်မဲ့အခြေအနေနဲ့ ရင်ဆိုင်နေကြရတယ်လို့လည်း သိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013