DVB Logo
Home
နိုင်ငံတကာ
ဥရောပတလွှားမှာ Gen Z တွေ ဘာကြောင့် ဦးဆောင် ဆန္ဒပြနေကြသလဲ
DVB
·
October 29, 2026
Photo: REUTERS/Hannah McKay
Photo: REUTERS/Hannah McKay
Donate to DVB

ဥရောပနိုင်ငံတွေဖြစ်တဲ့ ပြင်သစ်၊ အီတလီ၊ ဘယ်လ်ဂျီယံနဲ့ အယ်လ်ဘေးနီးယားတို့မှာ ဂျန်ဇီး (Gen Z) လူငယ်တွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေ ပျံ့နှံ့လာပြီး နေထိုင်စရိတ်မြင့်တက်မှု၊ ပညာရေးအခြေအနေနဲ့ အဂတိလိုက်စားမှုတွေကို ဆန့်ကျင်နေကြပါတယ်။

ယေဘုယျအားဖြင့် ၁၉၉၇ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်ဝန်းကျင်အထိ မွေးဖွားသူတွေကို Gen Z လို့ ခေါ်ကြတာဖြစ်ပြီး ဒီလူငယ်တွေဟာ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးတာ၊ အိမ်ရာစရိတ် ကြီးမြင့်တာနဲ့ အာဏာပိုင်တွေက သူတို့အသံကို နားမထောင်တာတွေကို မကျေနပ်ကြတာ ဖြစ်ပါတယ်။

ဥရောပသမဂ္ဂရဲ့ ၂၀၂၅ ခုနှစ် စစ်တမ်းတစ်ခုအရ အသက် ၁၆ နှစ်ကနေ ၃၀ ကြား လူငယ် ၄၀ ရာခိုင်နှုန်းက နေထိုင်စရိတ် မြင့်တက်မှုကို စိုးရိမ်နေကြပါတယ်။ 

ဒါ့အပြင် ၂၀၂၅ ခုနှစ်မှာ ဥရောပသမဂ္ဂက အသက် ၁၈ နှစ်ကနေ ၂၄ နှစ်ကြား လူငယ် ၂၆ ဒသမ ၃ ရာခိုင်နှုန်းဟာ ဆင်းရဲနွမ်းပါးမှု ဒါမှမဟုတ် လူမှုရေးအရ ဖယ်ကြဉ်ခံရနိုင်တဲ့ အန္တရာယ်ကို ရင်ဆိုင်နေရပါတယ်။ 

ပြင်သစ်အစိုးရရဲ့ အောက်တိုဘာလ အစီရင်ခံစာအရ ပညာရေးဝန်ကြီးဌာန ဘတ်ဂျက်ရဲ့ ၃၂ ရာခိုင်နှုန်းကို ပင်စင်အတွက် သုံးစွဲနေရတာကြောင့် ပညာရေးကဏ္ဍရဲ့ တခြားအသုံးစရိတ်တွေကို ထိခိုက်နေပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံက အသက် ၁၉ နှစ်အရွယ် ကျောင်းသူ မာယာဂေါ်ဒယ်က “ကျမတို့ အေးအေးဆေးဆေး တောင်းဆိုကြည့်ခဲ့ပေမဲ့ ဘယ်သူမှ နားမထောင်ခဲ့ဘူး” လို့ ပြောပါတယ်။

အီတလီနိုင်ငံက အသက် ၂၁ နှစ်အရွယ် ကျောင်းသူတယောက်ကလည်း အုပ်ချုပ်သူတွေဟာ လူငယ်တွေဆီက အနာဂတ်ကို စိတ်ကူးယဉ်နိုင်တဲ့ အခွင့်အရေးကိုပါ လုယူခဲ့တယ်လို့ ဝေဖန်ပါတယ်။

အယ်လ်ဘေးနီးယားနိုင်ငံက အသက် ၁၉ နှစ်အရွယ် ကျောင်းသူ ဇိုင်ကီကာတီကတော့ လူငယ်တွေဟာ ကိုယ့်နိုင်ငံမှာ အနာဂတ်မမြင်တော့ဘဲ ပြည်ပမှာပဲ အလုပ်အကိုင်နဲ့ အခွင့်အလမ်းတွေ ရှာဖို့ စဉ်းစားနေကြတယ်လို့ ပြောပါတယ်။

ပြင်သစ်နိုင်ငံမှာတော့ ဆန္ဒပြပွဲတချို့ကနေ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီး ဆိုင်တွေ ပျက်စီးခဲ့သလို ရဲတပ်ဖွဲ့ကလည်း ရေအမြောက်တွေနဲ့ လူစုခွဲခဲ့ပါတယ်။

ဆားဘီးယားနိုင်ငံမှာတော့ ၂၀၂၄ ခုနှစ်က ရထားဘူတာရုံအမိုးပြိုကျလို့ လူ ၁၆ ယောက် သေဆုံးခဲ့တဲ့ ဖြစ်ရပ်နောက်ပိုင်း အဂတိလိုက်စားမှုကို ဆန့်ကျင်တဲ့ ကျောင်းသားလှုပ်ရှားမှုတွေ စတင်ခဲ့တာပါ။

၂ နှစ်နီးပါး ဆန္ဒပြခဲ့ပြီးနောက် အောက်တိုဘာ ၂၅ ရက် ပါလီမန်ရွေးကောက်ပွဲမှာ ကျောင်းသားတွေ ထောက်ခံတဲ့အဖွဲ့ အနိုင်ရခဲ့ပြီး ကာလရှည်အာဏာကိုင်ထားတဲ့ အလက်ဇန္ဒား ဗူချစ်ခ်က ရှုံးနိမ့်ကြောင်း ဝန်ခံခဲ့ပါတယ်။

ဂျာမနီနိုင်ငံမှာလည်း နေထိုင်စရိတ်၊ လူမှုမညီမျှမှု၊ စစ်ပွဲနဲ့ ပညာရေးပြဿနာတွေကို ကန့်ကွက်ဖို့ အောက်တိုဘာ ၃၁ ရက်နဲ့ နိုဝင်ဘာ ၁ ရက် သီတင်းပတ်ကုန်မှာ ဆန္ဒပြပွဲတွေ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013