
ကာချုပ်သစ် တက်ပြီးနောက်ပိုင်း ဖာပွန်ခရိုင်တွင်းက ကျေးရွာတွေနဲ့ အရပ်သားတွေကို ပစ်မှတ်ထားပြီး စစ်တပ်က လေကြောင်းကနေ စစ်ရေးအရှိန်မြှင့် ပိုမိုတိုက်ခိုက်လာတယ်လို့ KNLA တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။
တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတက်လာပြီးနောက်ပိုင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ နယ်မြေ၊ ကရင်ပြည်နယ်၊ ဖာပွန် (မူတြော်) ခရိုင်အတွင်းက ကျေးရွာတွေနဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေကို လေကြောင်းကနေ ပစ်ခတ်တာ၊ ဗုံးကြဲတိုက်ခိုက်တာတွေ နေ့ ည နေ့တိုင်းလိုလို အရှိန်မြှင့်ပြီး ရှင်းလင်းတဲ့ ပုံစံမျိုး လုပ်ဆာင်နေတာလို့ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။
ဗိုလ်မှူးကြီး စောကလယ်ဒိုက “ဖာပွန်ခရိုင်အတွင်းမှာ စစ်ရေးအနေနဲ့ ပတ်သက်ပြီးပြောရမယ်ဆိုရင် တိုက်ပွဲမရှိတဲ့ (ဖာပွန်) အောက်ဘက်မှာဆိုရင် အမြဲတမ်းလာပြီးတော့ လေယာဉ်ပျံနဲ့ နေ့ကော ညကော လာပြီးတော့ ပစ်တယ်။ အခုလက်ရှိ သူတို့အစိုးရ စဖွဲ့စည်းကတည်းက ကာချုပ် ရဲဝင်းဦး သူတို့ တက်လာပြီးနောက်ပိုင်း တောက်လျှောက်ပဲ နေ့တိုင်း ညတိုင်းပဲ လေကြောင်းပစ်ကူကို တအားမြှင့်တင်ပြီးတော့ ပစ်တယ်။ သူတို့ပစ်တာလည်း တိုက်ပွဲရှိတဲ့နေရာလည်း မဟုတ်ဘူး။ သူတို့ ရွာတိုင်းမှာ လိုက်ပြီးတော့ ပစ်နေတာ၊ လိုက်ပြီးတော့ ဗုံးနဲ့ကြဲတယ်။ ဒါကြောင့်မို့လို့ အခုက ဒီတော်လှန်ရေးနယ်မြေမှာ လူထုတွေ နေလို့မရအောင် လူထုတွေ ထွက်ပြေးသွားအောင် မဟုတ်လည်း သေသွားအောင် သူတို့ လူထုကို လိုက်ရှင်းတဲ့သဘောမျိုးနဲ့ အဲဒီလိုပုံစံမျိုး ဖြစ်သွားပြီလို့ ကျနော်အနေနဲ့ သုံးသပ်မိတယ်” လို့ ပြောပါတယ်။
ဧပြီ ၁၄ ရက်နေ့ ည ၁၀ နာရီကနေ ၁၂ နာရီထိ ဖာပွန်မြို့နယ်၊ ဒေးဖိုးနိုကွင်းအပါအဝင် အနီးအနားက ကျေးရွာ ၁၀ ရွာလောက်ကို ဂျက်ဖိုက်တာ ၂ စီးနဲ့ ၅ ကြိမ် ပစ်ခိုက်တိုက်ခိုက်ခဲ့တဲ့အပြင် Y 12 ၂ စီးနဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း ဒေသခံပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်နေတဲ့အတွက် ထိခိုက်သူမရှိခဲ့ပေမဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီးပြီး ကျွဲ ၂ ကောင် ထိမှန်သေဆုံးခဲ့တယ်လို့ တပ်မဟာ ၅ တာဝန်ရှိသူက ပြောပါတယ်။
ကရင်စစ်ရေးလေ့လာသူတယောက်က “လက်ရှိသမ္မတသစ် တက်လာတဲ့အချိန်မှာ၊ စစ်ဦးစီးချုပ်သစ် တက်လာတဲ့အချိန်မှာ စစ်ရေးနဲ့ပတ်သက်ပြီးတော့ ပြင်းထန်လာဖို့ရှိတယ်။ ပြီးတော့ အရပ်သားပစ်မှတ်တွေကိုပဲ သဲသဲမဲမဲ နဲ့ တိုက်ခိုက်ဖို့ရှိတယ်။ ဒါက ကြိုတင်ပြီးတော့ ၂၀၂၅ မကုန်ခင် ရွေးကောက်ပွဲမစခင်တည်းက သူတို့အတွင်းသတင်းအရ ကြားသိထားတဲ့အတိုင်းဖြစ်တယ်။ အခုက ရွေးကောက်ပွဲလည်း ပြီးသွားပြီ။ သူတို့ စီစဉ်ထားတဲ့ ပလန်အတိုင်း ဆက်လက်ပြီးအကောင်အထည် ဖော်ဖို့ပဲ ရှိတယ်လို့ သုံးသပ်ရတယ်။ အဲတော့ ပြည်သူတွေက ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ်။ ဒါကစစ်ရေးနဲ့ ပတ်သက်လာလိုရှိရင် သူတို့ကမြေပြင်က ထိုးစစ်နဲ့မနိုင်လို့ရှိရင် ဝေဟင်ကနေ ဗုံးကြဲတာ၊ ကာမီကာဇေတွေနဲ့ အသေခံ တိုက်ခိုက်တာ။ သူတို့တိုက်ခိုက်တဲ့နေရာမှာလည်း အရပ်သားပစ်မှတ် တွေကိုပဲ ပစ်တာများတယ်။ အဲအတွက်ကြောင့် သင်္ကြန်လွန်သွားတဲ့နောက်ပိုင်း စစ်မက်ဖြစ်ပွားနေတဲ့ ဒေသမှာရှိတဲ့ ပြည်သူတွေအားလုံး စစ်ရေးသတိရှိဖို့ အင်မတန်အရေးကြီးတယ်လို့ ပြောချင်တယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့မတ် တလအတွင်း ဖာပွန် (မူတြော်) ခရိုင်အတွင်းကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တာ၊ လက်နက်ကြီး၊ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၆ ယောက် သေဆုံးပြီး ၂၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် ဘာသာရေးအဆောက်အအုံ တလုံးနဲ့ နေအိမ် ၈၉ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။











