၂၀၂၆ ကမ္ဘာ့ရေငုပ် စစ်တုရင်ပြိုင်ပွဲမှာ လစ်သူရေးနီးယား ဂရင်းမာစတာ ပူးတင်အက်ဗစ်စီးယက်နဲ့ အမျိုးသမီးပြိုင်ပွဲမှာ ပိုလန်က အန်ဇီဂျူစကာတို့ ဗိုလ်စွဲခဲ့ပါတယ်။
ရေငုပ်စစ်တုရင်ဟာ ၂ မျိုးပေါင်းအားကစားနည်း အမျိုးအစားဖြစ်ပြီး ရေငုပ်ရင်း စစ်တုရင်ကစားရတဲ့ ကစားနည်း ဖြစ်ပါတယ်။
အသက် ၂၄ နှစ်အရွယ်ရှိ ပူးတင်အက်ဗစ်စီးယက်ဟာ ဒီပြိုင်ပွဲမှာပါဝင်တဲ့ ကစားသမားတွေအနက် အဆင့်အမြင့်ဆုံး ကစားသမားဖြစ်ပေမဲ့ ကစားသမား ၁၈ ယောက်ပြိုင်တဲ့ ပြိုင်ပွဲမှာ လက်ရည်စစ်ပွဲအောင်ဖို့ ရုန်းကန်ခဲ့ရတာ တွေ့ရပါတယ်။
ဒါပေမဲ့ လက်ရည်စစ်ပွဲအပြီးမှာ လက်မှန်ပြန်ရခဲ့ပြီး ၄ ပွဲဆက်တိုက် နိုင်ကာ ဗိုလ်လုပွဲတက်ရောက်ခဲ့ပြီး ဗိုလ်စွဲနိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ရေငုပ်စစ်တုရင်ပြိုင်ပွဲဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး ဒိုင်ဗင်စစ်တုရင်ပြိုင်ပွဲဖြစ်ပြီး ပိုလန်နိုင်ငံတကာမာစတာ ဇီဒါက ဒုတိယဆုရခဲ့ကာ အိန္ဒိယဂရင်းမာစတာ ဟာရှစ်ရာဂျာက ကြေးတံဆိပ် ရရှိခဲ့ပါတယ်။
အမျိုးသမီးပြိုင်ပွဲမှာ အန်ဇီဂျူစကာက လက်စွမ်းပြပြီး ဗိုလ်စွဲခဲ့ပါတယ်။ ရေငုပ်စစ်တုရင်ပြိုင်ပွဲကို ရေကူးကန်ကြမ်းပြင်မှာ စစ်တုရင်ဘုတ်ပြားကို ချပြီး သံလိုက်စစ်တုရင်ရုပ်တွေနဲ့ ယှဉ်ပြိုင်ရတာ ဖြစ်ပါတယ်။
ကစားသမားတွေဟာ ရွှေ့ကွက်တကွက် ရွှေ့ချိန်မှာ တကြိမ်သာ အသက်ရှူခွင့်ရမှာ ဖြစ်ပါတယ်။
၂၀၂၆ ရေငုပ်စစ်တုရင်ပြိုင်ပွဲကို ကမ္ဘာအနှံ့က ကစားသမား ၆၂ ယောက် ဝင်ရောက်ယှဉ်ပြိုင်တာ တွေ့ရပြီး ဝါရင့်ကစားသမားတွေနဲ့ ဆယ်ကျော်သက် ပြိုင်ပွဲဝင်အသစ်တွေ ဝင်ရောက်ယှဉ်ပြိုင်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
ရေငုပ်စစ်တုရင်ကစားနည်းကို ၂၀၁၃ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး အစောပိုင်းက ရေအောက်မှာ ကစားဖို့ အလေးတုံးတွေ သုံးခဲ့ပေမဲ့ ၂၀၂၂ ခုနှစ်က စပြီး အလေးတုံးအသုံးပြုခွင့် မပေးခဲ့ပါဘူး။
ရေငုပ်စစ်တုရင် ကစားနည်းဟာ ဩဂုတ် ၂၂ ရက်မှ ၃၀ အထိ လန်ဒန်မှာကျင်းပမဲ့ Mind Sports Olympiad 2026 မှာ ပါဝင်တဲ့ ကစားနည်းတမျိုးလည်း ဖြစ်ပါတယ်။











