
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ မတ် ၂၇ ရက် မနက်ပိုင်းက လက်လုပ်မိုင်း ပေါက်ကွဲပြီး ကလေးငယ် ၁ ယောက် သေဆုံး၊ ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတယောက်က “အင်းတော်နယ်ထဲက အလယ်ဆိပ်ရွာမှာ အဲဒီနေ့ မနက် ၁၀ နာရီလောက်က ဖြစ်ပွားတာပါ။ လက်လုပ်မိုင်းကွဲလို့ အသက် ၁၀ နှစ်အရွယ်ကလေး ၁ ယောက် သေဆုံးပြီးတော့ အဲဒီအရွယ် နောက်ထပ် ကလေးငယ် ၁ ယောက်လည်း ခြေထောက်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ၂ ယောက်လုံးက ယောက်ျားလေးတွေပါ” လို့ ပြောပါတယ်။
ကလေးငယ်တွေဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက် ယူဆောင်လာတဲ့ လက်လုပ်မိုင်းကို ယူဆော့ရာကနေ ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
Indaw Revolution – IR ရဲ့ တာဝန်ခံတယောက်က “တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က သူ့အမျိုးအိမ်မှာထားခဲ့တဲ့ ၆၀ မမ လက်လုပ်မိုင်းကို ကလေးငယ်တွေက လူကြီးတွေ မသိအောင် ယူပြီး ခဲနဲ့ဝိုင်းထု ဆော့ကစားကြရာကနေ ပေါက်ကွဲသွားခဲ့တာပါ။ အဲဒီ တော်လှန်ရေးတပ်ဖွဲ့ဝင်ရဲ့ အချက်အလက်တွေကိုတော့ လုံခြုံရေးအရ ထုတ်ဖော် ပြောပြလို့မရပါဘူး” လို့ DVB ကို ပြောပါတယ်။
ကလေးငယ်တွေအပါအဝင် ပြည်သူတွေအနေနဲ့လည်း စစ်မြေပြင်သုံးပစ္စည်းတွေ အပါအဝင် လက်နက်ခဲယမ်းတွေကို ကိုင်တွယ်ကြည့်ရှုဆော့ကစားတာတွေ မပြုလုပ်ကြဖို့ တိုက်တွန်းလိုတယ်လို့လည်း သူက ဆက်ပြောပါတယ်။










