
၂၁ ရာစု အမေရိကန်သမ္မတတွေထဲမှာ ဒေါ်နယ်ထရမ့်ပ်ဟာ စီးပွားရေးအရ သူ့ကို ထောက်ခံတဲ့နှုန်းက အနိမ့်ဆုံး အတိုင်းအတာအထိ ကျဆင်းသွားတယ်ဆိုပြီး CNN သတင်းမှာ ဖော်ပြပါတယ်။
အီရန်စစ်ပွဲကြောင့် ရေနံစျေး မြင့်တက်လာတာနဲ့အမျှ တာဝန်ထမ်းဆောင်နေဆဲ သမ္မတကို ဆန့်ကျင်ပြီး မဲဆန္ဒရှင်တွေက အဆုံးအဖြတ်ပေးလေ့ ရှိပါတယ်။
အရင်က သမ္မတဟောင်းတွေ ဖြစ်ကြတဲ့ ဂျော့ချ်ဒဗလျူဘုရှ်၊ ဂျရယ်ဖို့ဒ်နဲ့ ဂျင်မီကာတာတို့ဟာ လောင်စာဆီဈေး ထိုးတက်လာခဲ့ပြီးနောက် သမ္မတရာထူးကို စွန့်လွှတ်ခဲ့ရဖူးပါတယ်။
လက်ရှိသမ္မတ ထရမ့်ပ် ကိုယ်တိုင် ရွေးကောက်ပွဲထပ်ပြိုင်ခွင့် မရှိတော့ပေမဲ့လည်း အခုလိုမျိုး ထောက်ခံနှုန်း ကျဆင်းလာတာကြောင့် ကွန်ဂရက်လွှတ်တော်မှာ ရီပတ်ဘလစ်ကန်တွေရဲ့ ထိန်းချုပ်နိုင်စွမ်းအပေါ် သက်ရောက်မှု ရှိလာနိုင်ပါတယ်။
အသစ်ထုတ်ပြန်လိုက်တဲ့ စစ်တမ်းရလဒ်တွေအရ ထရမ့်ပ်ရဲ့ မူဝါဒကြောင့် အမေရိကန်နိုင်ငံသား ၁၈ ရာခိုင်နှုန်းကသာ သူတို့ဘဏ္ဍာရေးအခြေအနေကို ပိုမိုကောင်းမွန်လာစေတယ်ဆိုပြီး ဖြေဆိုထားပါတယ်။
ဒါဟာ ထရမ့်ပ် ဒုတိယသက်တမ်း မတိုင်ခင်ကာလမှာ ၄၄ ရာခိုင်နှုန်းအထိ ရှိခဲ့ရာကနေ အနိမ့်ဆုံးအဆင့်ကို လျော့ကျသွားခဲ့တာပါ။
တချိန်တည်းမှာ ထရမ့်ပ်ရဲ့ မူဝါဒတွေကြောင့် ငွေကြေးအခြေအနေ ပိုမိုဆိုးရွားလာကြောင်း ဖြေဆိုသူဟာ ၃၈ ရာခိုင်နှုန်းသာ ရှိခဲ့ရာကနေ ၅၃ ရာခိုင်နှုန်းအထိကို တက်လာခဲ့ပါတယ်။
အလားတူ ပါတီစွဲမရှိတဲ့ မဲဆန္ဒရှင် ၆၀ ရာခိုင်နှုန်းဟာ ဘဏ္ဍာရေးအရ အခြေအနေဆိုးလာတယ်လို့ ယုံကြည်ကြပေမဲ့လည်း ၁၃ ရာခိုင်နှုန်းကတော့ ပိုပြီးအဆင်ပြေလာတာကို အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
လာမဲ့ သမ္မတသက်တမ်းဝက် ရွေးကောက်ပွဲအတွင်း အောက်လွှတ်တော် ကိုယ်စားလှယ်တွေက ၂ နှစ်သာ တာဝန်ထမ်းဆောင်ခွင့်ရှိတဲ့အလျောက် ၄၃၅ နေရာစလုံးကို ပြန်လည်အရွေးချယ်ခံရမှာ ဖြစ်ပါတယ်။
အထက်လွှတ်တော်မှာတော့ ၆ နှစ် သက်တမ်းကို တထပ်တည်းမကျအောင် သတ်မှတ်ထားတဲ့အလျောက် စုစုပေါင်း အမတ် ၁၀၀ ထဲက သုံးပုံ တပုံလောက်ပဲ ရွေးကောက်ပွဲ ဝင်ပြိုင်ရဖို့ ရှိနေပါတယ်။
တကယ်လို့သာ အောက်လွှတ်တော်မှာ ရီပတ်ဘလစ်ကန်ပါတီက အမတ်နေရာအများစု မရထားဘူးဆိုရင် အတိုက်အခံတွေရဲ့ သဘောတူညီချက် မပါဘဲ ဘယ်ဘတ်ဂျက်ဥပဒေကိုမှ အတည်ပြုနိုင်မှာ မဟုတ်ပါဘူး။
ဒါကြောင့် အထက်လွှတ်တော်မှာပါ ဒီမိုကရက်ပါတီက လွှမ်းမိုးနိုင်ခဲ့မယ်ဆိုရင် အငြင်းပွားဖွယ်ရာ ရာထူးခန့်အပ်မှုတွေကို ပိတ်ပင်တားဆီးနိုင်ပါတယ်။
ထရမ့်ပ်ဘက်ကတော့ စစ်တမ်းတွေမှာ ထောက်ခံတဲ့နှုန်းရဲ့ အရေးပါမှုအပေါ် ဂရုမစိုက်တဲ့အပြင် “မှန်ကန်တဲ့အရာ” ကို လုပ်ဖို့အတွက်သာ အာရုံစိုက်ထားတယ်ဆိုပြီး တုံ့ပြန်ခဲ့ဖူးပါတယ်။
Source: Reuters










