
ကုန်ဈေးနှုန်း မတက်အောင် ထိန်းချုပ်နိုင်ဖို့ ကြိုးစားတဲ့အနေနဲ့ ဒီဇယ်ဆီ တင်သွင်းမှုအပေါ် တလတာ အခွန်ကင်းလွတ်ခွင့်ပေးမယ်လို့ စစ်ကောင်စီ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ကြေညာပါတယ်။
အဲဒီ အစီအစဉ်အရ ၂၀၂၆ ခုနှစ် ဧပြီ ၁ ရက်မှ ၃၀ ရက်အထိ ဒီဇယ်ဆီ တင်သွင်းရာမှာ ကောက်ခံနေတဲ့အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နဲ့ကြိုတင်ကောက်ခံတဲ့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းတို့ကို ယာယီ ကင်းလွတ်ခွင့်ပြုထားတာ ဖြစ်ပါတယ်။
ဒီဇယ်ဆီဟာ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးအတွက် အဓိက အသုံးပြုရတဲ့ စွမ်းအင်တခု ဖြစ်တာကြောင့် ဈေးနှုန်း လျော့ကျလာပါက သယ်ယူစရိတ်တွေ လျော့နည်းလာနိုင်ပြီး အဲဒီကတဆင့် အခြေခံစားသောက်ကုန်နဲ့ ကုန်စည်ဈေးနှုန်းတွေကို ထိန်းညှိနိုင်မယ်လို့ စစ်ကောင်စီ တာဝန်ရှိသူတွေက မျှော်မှန်းထားပါတယ်။
ဒါပေမဲ့ ဒီအခွန်ကင်းလွတ်ခွင့်ဟာ ယာယီ အစီအစဉ်တခုသာ ဖြစ်ပြီး ဒေါ်လာဈေးနှုန်းနဲ့ ကမ္ဘာ့ စက်သုံးဆီဈေးနှုန်းတွေ မတည်ငြိမ်သေးတဲ့အခြေအနေမှာ ကုန်ဈေးနှုန်းကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ ခက်ခဲနိုင်တယ်လို့ စီးပွားရေးလေ့လာသူတွေက သုံးသပ်နေကြပါတယ်။
လက်ရှိမှာလည်းအရှေ့အလယ်ပိုင်း ပဋိပက္ခတွေကြောင့် ကမ္ဘာ့ စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်နေပြီး ပြည်တွင်းမှာပါ ဆက်တိုက် မြင့်လာနေပါတယ်။
ဒီဇယ်တလီတာဈေးဟာ ကျပ် ၆၀၀၀ ကျော်ထိ ရောက်ရှိလာပြီးတလအတွင်း ၁၁၀ ရာခိုင်နှုန်းကျော် မြင့်တက်လာတာကို တွေ့ရပါတယ်။










