
ဂျပန်ဝန်ကြီးချုပ် စာနာအဲ တာခါ့အိချိဟာ ဩစတြေးလျနိုင်ငံဆီ သုံးရက်ကြာ ခရီးစဉ်အတွင်း ဝန်ကြီးချုပ် အန်ထော်နီ အယ်လ်ဘာနိစ်နဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ စွမ်းအင်နဲ့ အရေးကြီး သတ္တုများဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် မေ ၄ ရက်မှာ သဘောတူခဲ့ကြပါတယ်။
ပြီးခဲ့တဲ့လက အထင်ကရ ကာကွယ်ရေး သဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးပြီးတဲ့ နောက်မှာ ဂျပန်နဲ့ ဩစတြေးလျ နှစ်နိုင်ငံဟာ စွမ်းအင်၊ အစားအစာနဲ့ အရေးကြီးသတ္တုများ ထောက်ပံ့ရေးကွင်းဆက်တွေကို အားကောင်းစေဖို့ သဘောတူခဲ့ကြပါတယ်။
ဩစတြေးလျနဲ့ ဂျပန်တို့ဟာ အနာဂတ် စီးပွားရေး ရိုက်ခတ်မှုတွေ၊ မရေမရာမှုတွေကနေ ကျနော်တို့ နိုင်ငံတွေရဲ့ စီးပွားရေးတွေကို ကာကွယ်ဖို့ အရေးယူဆောင်ရွက်နေကြပါတယ်လို့ အယ်လ်ဘာနိစ်က ကြေညာချက်တစောင် ထုတ်ပြန် ပြောကြားပါတယ်။
“အတူတကွ လုပ်ဆောင်ခြင်းအားဖြင့် ကျနော်တို့ဟာ လက်ရှိနဲ့ အနာဂတ်မှာ ဩစတြေးလျနဲ့ ဂျပန်စီးပွားရေးလုပ်ငန်းတွေနဲ့ စားသုံးသူတွေအတွက် အကျိုးရှိစေမဲ့၊ ပိုလုံခြုံကောင်းမွန်လာမဲ့ ထောက်ပံ့ရေးကွင်းဆက်တွေကို ရမယ်။”
ဩစတြေးလျနိုင်ငံဟာ ဂျပန်ရဲ့ စွမ်းအင်လိုအပ်ချက် သုံးပုံ တပုံလောက်ကို ထောက်ပံ့ပေးပြီး နိုင်ငံရဲ့ သဘာဝဓာတ်ငွေ့ရည်အတွက် အကြီးဆုံးဈေးကွက် ဖြစ်ပါတယ်။
အရှေ့အလယ်ပိုင်းဒေသက တင်းမာမှုတွေကြောင့် ကုန်သွယ်ရေးကို ထိခိုက်စေတဲ့ အချိန်မှာ နှစ်နိုင်ငံ လုံးက စွမ်းအင်အထောက်အပံ့ကို မြှင့်တင်ဖို့ ကြိုးစားနေကြတာပါ။
အဓိက ဓာတ်ငွေ့စက်ရုံတခုမှာ သပိတ်မှောက်မှုအန္တရာယ်နဲ့ ပို့ကုန်တွေအပေါ် အခွန်တိုးမြှင့်ရေး နိုင်ငံရေးဖိအားတွေ မြင့်တက်လာတာ အပါအဝင် သြစတြေးလျရဲ့ LNG ဓာတ်ငွေ့ရည်လုပ်ငန်းမှာ ဖြစ်ပေါ်တိုးတက်မှုတွေကို ဂျပန်ကုမ္ပဏီတွေက အနီးကပ်စောင့်ကြည့်နေကြပါတယ်။
ဂျပန်လိုပဲ လောင်စာရည်တွေနဲ့ သန့်စင်ထားတဲ့ ရေနံထွက်ကုန်တွေ ထောက်ပံ့မှု အနှောင့်အယှက် ဖြစ်မှာကို အလွန်စိုးရိမ်တယ်လို့ အယ်လ်ဘာနိစ်က တနင်္လာနေ့မှာ ပြောခဲ့ပါတယ်။
ဂျပန်နဲ့ပတ်သက်နေတဲ့ အရေးကြီးတဲ့ သတ္တုစီမံကိန်းတွေအတွက် သြစတြေးလျ ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ (အမေရိကန် ဒေါ်လာ ၉၃၇ သန်း) အထိ ထောက်ပံ့ဖို့ကိုလည်း သြစတြေးလျက စီစဉ်ထားပြီး ဂယ်လီယမ်၊ နီကယ်၊ ဂရပ်ဖိုက်၊ မြေရှားသတ္ထုနဲ့ ဖလိုရိုက် အပါအဝင် အရင်းအမြစ်တွေကို ဂျပန်ဆီ ထောက်ပံ့ဖို့ အလားအလာကို ဖန်တီးပေးထားပါတယ်။
ဂျပန်ဝန်ကြီးချုပ်ဟာ ဗီယက်နမ်နိုင်ငံကနေ သြစတြေးလျနိုင်ငံကို ရောက်လာခဲ့ပြီး စွမ်းအင်နဲ့ အရေးကြီးသတ္တုတွေအရေး ဆွေးနွေးခဲ့ပြီး အရှေ့တောင်အာရှနိုင်ငံတွေအတွက် ဒေသတွင်း ထောက်ပံ့ရေးကွင်းဆက်တွေ မြှင့်တင်ဖို့ တိုက်တွန်းခဲ့ပါတယ်။
ပြီးခဲ့တဲ့လက ဂျပန်ဟာ သြစတြေးလျကို စစ်သင်္ဘောတွေ ထောက်ပံ့ဖို့ သြစတြေးလျဒေါ်လာ ၁၀ ဘီလီယံ (အမေရိကန် ဒေါ်လာ ၇ ဘီလီယံ) ဖိုး သဘောတူညီချက်ပါတဲ့ စာချုပ်တွေကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဒါဟာ ၂၀၁၄ ခုနှစ်မှာ ပို့ကုန်တွေ ပိတ်ပင်မှုကို အဆုံးသတ်ပြီးနောက်ပိုင်း ဂျပန်အစိုးရရဲ့ အရေးအကြီးဆုံး စစ်ရေးရောင်းချမှုလည်း ဖြစ်ပါတယ်။
Source:Reuters











