
စူပါတိုင်ဖွန်းမုန်တိုင်း “ဘာဗီ” ရဲ့ မုန်တိုင်းမျက်စိဟာ ဇူလိုင် ၇ ရက်နဲ့ ဇူလိုင် ၈ ရက်တို့မှာ ဖိလစ်ပိုင် ပင်လယ်ပြင်ကို ဖြတ်ကျော်ပြီး အနောက်ဘက်ဆီသို့ ဦးတည်ရွေ့လျားနေတယ်လို့ ဂြိုဟ်တုဓာတ်ပုံတွေရဲ့အရ တွေ့ရပါတယ်။
ကမ္ဘာတဝန်းက မိုးလေဝသအခြေအနေတွေ၊ အထူးသဖြင့် မုန်တိုင်းလမ်းကြောင်းတွေကို မြေပုံနဲ့တကွ အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်တဲ့ နာမည်ကြီး မိုးလေဝသ ဝက်ဘ်ဆိုက်ဖြစ်တဲ့ windy.com က ပြသတဲ့ မုန်တိုင်းလမ်းကြောင်းအရ မုန်တိုင်းဟာ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ပြီး ထိုင်ဝမ်ဘက်ကို ဦးတည်လာနေတာ ဖြစ်ပါတယ်။
ဖိလစ်ပိုင် မိုးလေဝသဌာနကတော့ မုန်တိုင်းဟာ ဖိလစ်ပိုင်ပင်လယ်ပြင်ပေါ်မှာ အနောက်မြောက်ဘက်ကို ရွေ့လျားရင်း အရှိန်အနည်းငယ် လျော့ကျသွားတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ စူပါတိုင်ဖွန်းမုန်တိုင်းဟာ ဇူလိုင် ၉ ရက်မှာ ထိုင်ဝမ်ဘက်ကို ဆက်လက် ချဉ်းကပ်လာနေတာကြောင့် ဒါဟာ ၂၀၂၄ ခုနှစ်နောက်ပိုင်း အားအကောင်းဆုံး မုန်တိုင်းဖြစ်လာနိုင်လို့ ဒေသခံတွေအနေနဲ့ လိုအပ်တဲ့ ရိက္ခာတွေ စုဆောင်းထားကြဖို့နဲ့ မုန်တိုင်းဒဏ်ကို သတိထားရင်ဆိုင်ကြဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။
ထိုင်ဝမ် ဗဟိုမိုးလေဝသဌာန (CWA) က မုန်တိုင်းအန္တရာယ်ကြောင့် ဇူလိုင် ၉ ရက်အစောပိုင်းမှာပဲ ပင်လယ်ပြင်သတိပေးချက် ထုတ်ပြန်နိုင်ပြီး ဒီနေ့ညဉ့်နက်ပိုင်း ဒါမှမဟုတ် မနက်ဖန် မနက်အစောပိုင်းမှာတော့ ကုန်းတွင်းပိုင်းသတိပေးချက်ကိုပါ ထပ်မံထုတ်ပြန်သွားဖို့ ရှိနေပါတယ်။
ထိုင်ဝမ် မိုးလေဝသခန့်မှန်းသူ ဂျေဆန်ချန်က ရိုက်တာသတင်းဌာနကို ပြောကြားချက်အရ စူပါတိုင်ဖွန်း “ဘာဗီ” ဟာ ၁၉၈၇ ခုနှစ်နောက်ပိုင်း ထိုင်ဝမ်ကို ဝင်ရောက်မဲ့ မုန်တိုင်းတွေထဲမှာ အရွယ်အစား အကြီးမားဆုံးဖြစ်ပြီး ဒီလိုမုန်တိုင်းကြီးမျိုး ကြုံရခဲတယ်လို့ ဆိုပါတယ်။
တရုတ်အမျိုးသားမိုးလေဝသဌာနရဲ့ ခန့်မှန်းချက်အရ မုန်တိုင်းဟာ ထိုင်ဝမ်မြောက်ပိုင်းကို ဖြတ်ကျော်သွားပြီးရင် ဇူလိုင် ၁၁ ရက် ညနေပိုင်းမှာ တရုတ်နိုင်ငံအရှေ့ပိုင်း ဖူကျန်ပြည်နယ်ထဲကို ကုန်းတွင်းပိုင်းကနေ ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။










