
ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ အဓမ္မ ခိုင်းစေဖို့အတွက် လူတွေကို ဖမ်းဆီးချုပ်နှောင်တာ၊ ဒါမှမဟုတ် အကြမ်းဖက် ညှဉ်းပန်းနှိပ်စက်တာတွေ ကျူးလွန်သူတွေကို သေဒဏ်အထိ ပေးနိုင်မဲ့ ဥပဒေကြမ်းတရပ်ကို စစ်အာဏာရှင် လွှတ်တော်က မေ ၁၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
စစ်ပွဲဒဏ်သင့်နေတဲ့ မြန်မာနိုင်ငံမှာ ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းတွေဟာ အရှေ့တောင်အာရှရဲ့ ဖွံ့ဖြိုးကြီးထွားလာနေတဲ့ လိမ်လည်မှုစီးပွားရေးရဲ့ အစိတ်အပိုင်းတခုအနေနဲ့ အကြီးအကျယ် ထွန်းကားလာနေသလို ဒီလုပ်ငန်းတွေဟာ ကမ္ဘာတဝန်းက အင်တာနက်အသုံးပြုသူတွေကို ပစ်မှတ်ထားပြီး အချစ်ရေးနဲ့ ပတ်သက်လို့ လိမ်လည်တာတွေ၊ ခရစ်ပတိုဒစ်ဂျစ်တယ်ငွေကြေး ရင်းနှီးမြှုပ်နှံမှုတွေမှာ လိမ်လည်တာမျိုးတွေကို လုပ်ဆောင်နေကြတာပါ။
ဒေါ်လာဘီလီယံပေါင်းများစွာ တန်ဖိုးရှိတဲ့ ဒီမှောင်ခိုဈေးကွက်ထဲကို ကိုယ်တိုင် လိုလိုလားလား လာရောက်လုပ်ကိုင်ကြသူတွေ အများအပြားရှိသလို နေရပ်ပြန်ခွင့်ရခဲ့တဲ့ နိုင်ငံခြားသားတွေရဲ့ ပြောကြားချက်အရ သူတို့ဟာ မြန်မာနိုင်ငံထဲက ငွေလိမ်ဂိုဏ်းတွေရှိရာကို လူကုန်ကူးခံခဲ့ရပြီး အဲဒီနေရာတွေမှာ ဂိုဏ်းခေါင်းဆောင် တွေရဲ့ နှိပ်စက်ညှဉ်းပန်းမှုကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။
အဆိုပါ ဥပဒေကြမ်းအရ တခြားသူတဦးကို အွန်လိုင်းငွေလိမ်လည်မှုတွေ ကျူးလွန်စေဖို့ အတင်း အဓမ္မ စေခိုင်းခြင်းငှာ အကြမ်းဖက်တာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ တရားမဝင် ဖမ်းဆီးချုပ်နှောင်တာ၊ ဒါမှမဟုတ် ရက်စက်စွာ ဆက်ဆံတာတွေကို ပြုလုပ်ပါက သေဒဏ်အထိ ချမှတ်နိုင်ခွင့် ပေးထားသလို အွန်လိုင်းငွေလိမ်ဂိုဏ်းကို ဦးစီးလုပ်ကိုင်သူတွေနဲ့ ဒစ်ဂျစ်တယ်ငွေကြေးသုံးပြီး လိမ်လည်မှု ကျူးလွန်သူတွေကို အမြင့်ဆုံးပြစ်ဒဏ် တသက်တကျွန်းအထိ ချမှတ်သွားဖို့လည်း ထည့်သွင်း ဖော်ပြ ထားတာကို တွေ့ရပါတယ်။
စစ်တပ်ဩဇာခံ လွှတ်တော်ကိုတော့ လာမဲ့ ဇွန်လ ပထမပတ်မှာ ပြန်လည်ကျင်းပဖို့ လျာထားပြီး လွှတ်တော်ပြန်စတဲ့အခါမှာ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေကြမ်းကို တင်သွင်း ဆွေးနွေးဖွယ်ရှိနေပါတယ်။
အခု အွန်လိုင်းငွေလိမ်လည်မှု တိုက်ဖျက်ရေး ဥပဒေကြမ်းဟာ ပြီးခဲ့တဲ့လက သမ္မတအဖြစ် တာဝန်ယူခဲ့တဲ့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အာဏာရှင် အစိုးရသစ် က ပထမဆုံး တင်သွင်းတဲ့ ဥပဒေလည်း ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပွားလာတဲ့ ပြည်တွင်းစစ်ဟာ မြန်မာနိုင်ငံတဝန်း မတည်ငြိမ်မှုတွေကို ဖြစ်ပေါ်စေခဲ့ပြီး ဒါဟာ ကျားဖြန့်အွန်လိုင်း ရာဇဝတ် ဂိုဏ်းတွေအတွက် ခိုင်ခံ့တဲ့ ဝင်းခြံအဆောက်အအုံတွေထဲမှာ အခြေစိုက်စခန်းတွေ တည်ထောင်ဖို့ အခွင့်ကောင်းဖြစ်စေခဲ့တယ် လို့ စောင့်ကြည့်လေ့လာသူတွေက ဆိုပါ တယ်။
အမေရိကန်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့နှစ်အတွင်း အမေရိကန်နိုင်ငံ တခုတည်းမှာတင် ဒီလိုငွေလိမ်လည်မှုတွေကြောင့် နစ်နာ ဆုံးရှုံးရမှုဟာ အမေရိကန် ဒေါ်လာ ၂၀ ဘီလီယံကျော်အထိ ရှိခဲ့တယ်လို့ ခန့်မှန်းထားပါတယ်။
ဒါ့အပြင် ဒီပြဿနာဟာ အိမ်နီးချင်း တရုတ်နိုင်ငံနဲ့လည်း တင်းမာမှုတွေကို ပိုမိုမြင့်တက်စေခဲ့ပြီး တရုတ်နိုင်ငံသား အများအပြားဟာ ဒီငွေလိမ်ဂိုဏ်းတွေကို တည်ထောင်သူတွေ၊ အလုပ် လုပ်ကိုင်သူ တွေနဲ့ သားကောင်ဖြစ်ရသူတွေအဖြစ် ပါဝင်ပတ်သက်နေတာကြောင့် တရုတ်အစိုးရကို စိတ်အနှောင့်အယှက်ဖြစ်လာစေခဲ့တယ်လို့ ဝေဖန်သူတွေက ထောက်ပြကြပါတယ်။
အခုအွန်လိုင်းငွေလိမ်လည်မှု တိုက်ဖျက်ရေးဥပဒေမှာ တရားမဝင်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့ အတွက် တခြားနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မဲ့ ကော်မတီအသစ်တခု ဖွဲ့စည်းဖို့ ကတိပြုထားပြီး ဒါဟာ အစိုးရသစ်နဲ့ ထိတွေ့ဆက်ဆံဖို့ နိုင်ငံခြားတိုင်းပြည်တွေကို ဖိတ်ခေါ်လိုက်တဲ့ နောက်ထပ် သိသာထင်ရှားတဲ့ ကမ်းလှမ်းချက် တခုလည်း ဖြစ်လာတယ်လို့ ဆိုပါတယ်။
အခုလဆန်းပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်းမှာ ကျားဖြန့်အွန်လိုင်းလိမ်လည် လောင်းကစား လုပ်ငန်းတွေကနေ ၅ ရက်အတွင်း တရုတ်နိုင်ငံသား ၈၆ ယောက်နဲ့ မြန်မာနိုင်ငံသား ၉ ယောက် ဖမ်းဆီးရမိခဲ့ပါတယ်။
‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (UWSA) နယ်မြေ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မက်မန်းမြို့နယ် သံလွင်မြစ်နားမှာလည်း မေ ၁၂ ရက်နဲ့ ၁၃ ရက်မှာ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်း လုပ်ကိုင် နေတဲ့ တရုတ်နိုင်ငံသား အယောက် ၉၀ ကို ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်မှာတော့ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကိုတော့ စစ်အာဏာရှင်တပ်နဲ့သူ့ရဲ့ ဩဇာခံ ကရင်နယ်ခြားစောင့်တပ်တွေက ဟန်ပြရှင်းလင်းခဲ့ပေမဲ့ နေရာ ပြောင်းရွှေ့ပြီး ဆက်လက် လုပ်ကိုင်နေကြပါတယ်။










