DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်ကို စစ်တပ်ဗုံးကြဲ၊ ပြည်သူ ၇ ဦးထက်မနည်း ဒဏ်ရာရ
DVB
·
September 25, 2026
Photo: ONN
Photo: ONN
Donate to DVB

ရခိုင်ပြည်နယ် ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တို့ကို စစ်အာဏာရှင်တပ်က စက်တင်ဘာ ၂၄ ရက်နဲ့ ၂၅ ရက်နေ့ မနက်ပိုင်းတွေမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၂ ယောက် အပါအဝင် အရပ်သား ၇ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၂၅ ရက် မနက် ၂ နာရီကနေ ၂ နာရီ ၄၀ မိနစ်အထိ ‌ကျောက်တော်မြို့ပေါ်က ပြည်တော်သာရပ်ကွက်၊ ပိုက်သည် (မွတ်ဆလင်) ရပ်ကွက်၊ နိဒင်ကျေးရွာ၊ ပိစီပိုက်သည်ရပ်ကွက်၊ ဝကင်ကျေးရွာနဲ့ ပုဏ္ဏားကျေးရွာအနီးတို့ကို Y-12 လေယာဉ်တစင်းနဲ့ ဗုံးအလုံးရေ ၃၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တာလို့ ကျောက်တော်မြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။

“ညအချိန်ကြီးမှာ လာပြီးဗုံးကြဲတာဗျာ။ အိပ်ကောင်းနေတုန်းမှာ ဗုံးသံ ဂျိန်းခနဲ့ကြားတော့ အလန့်တကြားနဲ့ အိပ်ရာက ထပြေးသူ ထပြေးနဲ့။ မနက်ပိုင်း ကျနော်တို့ သိရသလောက်ဆို ထိခိုက်ဒဏ်ရာရရှိသူ ၇ ဦးထက်မနည်းရှိတယ်လို့ သိထားရတယ်။ ဗုံးကြဲသွားတာက မြို့ပေါ် ရပ်ကွက်နဲ့ မြို့အနီးရွာ ၅ ခုထက်မနည်းကို ကြဲချသွားတာ။ ဒဏ်ရာရရှိသွားတဲ့ သူတွေအထဲ ကလေးတွေလည်းပါတယ်။ ထိခိုက်ဒဏ်ရာရရှိသွားတဲ့သူတွေအထဲ ဒဏ်ရာပြင်းထန်သူလည်း အချို့ပါတယ်။ အရပ်သားတွေကို ပစ်မှတ်ထားပြီးတော့ လူမဆန်စွာ ဗုံးကြဲတိုက်ခိုက်သွားတာ။” 

ထိခိုက်ဒဏ်ရာရရှိသွားသူတွေမှာ ကျောက်တော်မြို့  ပြည်တော်သာရပ်ကွက်က ဦးစိန်သန်း (၅၅ နှစ်)၊ ဒေါ်ရွှေရီ (၅၄နှစ်)၊ ပိုက်သည် (မွတ်ဆလင်) ရပ်ကွက် အဘူကလစ် (၃၅ နှစ်)၊ နိဒင်ကျေးရွာက ဘီဘီဆာနေးယာ (၁ နှစ်)၊ ဘီဘီဆာခါရာ (၈ နှစ်)၊ ဆော်လိမ်း (၁၈ နှစ်)၊ ရိုဟီမာကာတူ (၃၇နှစ်) နဲ့ ဂျာဘဲရိ ၄၃ နှစ်တို့ဖြစ်ကြပါတယ်။

အဲဒီဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကျောက်တော်မြို့မှာလည်း နေအိမ်အများအပြား ထိခိုက် ပျက်စီး ခဲ့ပြီး မြို့တွင်းလည်း ဈေးတွေပိတ်ထားကြရတယ်လို့ မြို့တွေက ပြောပါတယ်။

စက်တင်ဘာ ၂၄ ရက်နေ့ ညနေ ၅ နာရီကျော်ဝန်းကျင်မှာလည်း ပုဏ္ဏားကျွန်းမြို့နယ်က တန်းခိုးနဲ့ တန်းစွယ်ကျေးရွာတွေကို စစ်တပ်က ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ထိခိုက်မှုအခြေအနေ အတိအကျ မသိရသေးဘူးလို့ ပုဏ္ဏားကျွန်းဒေသခံတယောက်က ပြောပါတယ်။

“မနေ့က ညနေပိုင်းက တန်းခို၊ တန်းစွယ်ကျေးရွာပတ်ဝန်းကျင်းတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာ ရှိတယ်ဗျာ။ ရွာသား အများအပြားက စစ်ရှောင်နေကြပေမဲ့လည်း အိမ်စောင့် ရွာစောင့် ပုံစံတွေတော့ သိကြသေးတယ်။ လူအထိအခိုက် ရှိမရှိဆိုတာတော့ မသိရသေးဘူး။ ပုဏ္ဏားကျွန်းဘက်ကတော့ နေ့တိုင်း ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံတွေလည်း ကျီးလန့်စာစားဖြစ်နေကြပြီ။” 

ဒါ့အပြင် ရသေတောင်မြို့နယ် မိုးစဲကျွန်းရှိ ဇီးကိုင်းကျေးရွာကိုလည်း စက်တင်ဘာ ၂၄ ရက်နေ့ ၅ နာရီကျော်မှာ စစ်အာဏာရှင်တပ်က ဂျက်ဖိုက်တာတွေနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

စစ်အာဏာရှင်တပ်ဟာ စက်တင်ဘာ ၄ ရက်နေ့မှာ ပုဏ္ဏားကျွန်းမြို့နယ်ကို ၄၉၂၆ စစ်ဆင်ရေးအဖြစ် ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် စစ်တွေနဲ့ ထိစပ်မြို့နယ်တွေဖြစ်တဲ့ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်မြို့နယ်တို့အပါအဝင် ရခိုင်ပြည်နယ်က မြို့နယ်တွေကို နေ့စဉ်ရက်ဆက် လေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်နေတာပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်တပ်ရဲ့ ၄၉၂၆ စစ်ဆင်ရေးဟာလည်း စစ်ဦးကျိုးခဲ့ရပြီး စစ်တွေမြို့နယ်က စစ်စခန်းတွေကိုပါ ဆက်တိုက်လက်လွှတ်နေရတာကြောင့် အရပ်ဘက်ပစ်မှတ်တွေကို ဆက်တိုက် ဗုံးကြဲလာလို့ ရခိုင်ပြည်သူတွေအနေနဲ့ လေကြောင်းနဲ့ ရေကြောင်းအန္တရာယ် အထူးသတိထားကြဖို့ AA က တိုက်တွန်းထားပါတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013