
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်နဲ့ ဂွမြို့နယ် ငပလီကို သြဂုတ် ၂၁ ရက် ဒီမနက်အစောပိုင်း ၂ နာရီ လောက်မှာ စစ်အာဏာရှင်လေတပ်က စစ်လေယာဉ်အုပ်စုလိုက် ဗုံးလာကြဲတဲ့အတွက် ထိခိုက်မှု များနိုင်တယ်လို့ ဒေသခံဆီက သိရပါတယ်။
လူအများအိမ်နေချိန် ဒီမနက် ၂ နာရီကစတင်ပြီး ၃ နာရီကျော်လောက်အထိ လေယာဉ်တွေပတ် လည်ဝဲပြီး ကြဲနေတာဖြစ်လို့ အထိခိုက်များနိုင်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
"လူအိပ်ချိန်မှာ တကယ့်ကို ရည်ရွယ်ချက်ရှိရှိလာကြဲတာ။ ဂျက်၊ Y12 လေယာဉ် အစုံပါတယ်။ ဗုံးအလုံးရေကို ရေတွက်မရအောင်ထိချခဲ့တာပါ။”
အလားတူ ဂွမြို့နယ် ညောင်ချောင်းကျေးရွာကိုလည်း စစ်အာဏာရှင်တပ်က ဒီမနက် ၅ နာရီကျော် လောက်က လေကြောင်းကနေ ဗုံးလာကြဲလို့ ကျေးရွာသားတွေ ထိခိုက်မှုရှိခဲ့ပါတယ်။
ကျေးရွာတာဝန်ရှိသူတယောက်က "ညောင်ချောင်းကို ကြဲသွားတယ်။ ကနဦးသိရတာက ထိခိုက်မှု ရှိတယ်လိုပဲ သိရတယ်။ အတိကျသိရဖို့ လုပ်နေကြတယ်”လို့ ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများနိုင်တယ်လို့ဒေသခံတွေက ဆိုပေမဲ့ ဆက်သွယ်ရေးအခက်အခဲကြောင့် အတိအကျမသိရသေးပါဘူး။











