
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ ရေကြီးရေလျှံတာကြောင့် လူ ၃ ယောက် သေဆုံးပြီး လူနေအိမ် ပျက်စီးခဲ့ကာ စိုက်ပျိုးသီးနှံတွေပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကောလင်းမှာတော့ လူဦးရေ ၆၆,၉၈၃ ယောက် ရေဘေးသင့်နေသလို အရပ်သား ၃ ယောက် သေဆုံး ၂ ယောက် ပျောက်ဆုံးနေပြီး ဒေသခံတွေအတွက် အစားအစာ၊ ဆေးဝါးတွေလိုအပ်နေလို တယ်လို့လည်း စစ်ကိုင်းဖက်ဒရယ်ယူနစ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဇူလိုင်လကုန်ပိုင်းကစပြီး မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် ကောလင်းမြို့နဲ့ ပတ်ဝန်းကျင်က ကျေးရွာ ၁၀၀ ဝန်းကျင် ရေကြီးနစ်မြုပ်နေတာ ဖြစ်သလို ကားလမ်းတွေ ပျက်စီးပြီး စိုက်ပျိုးသီးနှံတွေ ဆုံးရှုံးရတာ ဖြစ်ပါတယ်။
ကောလင်းစစ်ရှောင်တယောက်က “ကောလင်း ရေကြီးတာက တနယ်လုံးလိုလိုပဲ။ တချို့ စစ်ဘေးရှောင်တွေဆို ထမင်းတောင် ချက်စားလို့ မရဘူး။ လမ်းတွေလည်း ပျက်ပါသွား တာတွေရှိတယ်။ လမ်းတွေလည်း အခု ပြင်ဆင်နေကြရတုန်း။ လယ်တွေလည်း ပျက်စီးသွားတယ်။ ရေကြီးတာက ရေတိုးသန်တာ မဟုတ်ဘဲ။ ၇ ရက်လောက် မိုးရွာပြီး ရေကြီးတာဆိုတော့ လယ်တွေ ဆုံးရှုံးတယ်။ ထမင်းချက်စားလို့ မရလို့ ဟိုပြေး၊ ဒီပြေးပဲ။ လမ်းတွေတော့ တော်တော်ပျက်စီးသွားတယ်။ တချို့နေရာတွေတော့ ရေပြန်ကျသွားပြီ။ တချို့နေရာတွေကတော့ ရေနစ်နေတုန်းပဲ”လို့ DVB ကို ပြောပါတယ်။
ရေကြီးတာကြောင့် စိန်ပန်းကုန်း၊ ခံသာ၊ ဝါးသီးကုန်း စတဲ့ကျေးရွာတွေအပြင် စစ်ရှောင်တဲတွေနဲ့ ဆီဆုံ၊ ညောင်ဝန်း၊ လှည်းပွဲ၊ ဝါးရုံခုံ၊ ကြို့ခုံ၊ ကသစ်ကုန်း၊ တောင်ယာကြီးတော၊ သဖန်းကုန်း စတဲ့ရွာတွေ ရေနစ်မြုပ်သွားတာလို့ ဆိုပါတယ်။
ကောလင်းဒေသခံတယောက်က “စိုက်ပြီးသား စပါးပင်တွေ ရေတွေနစ်သွားတာ။ ပထမအကြိမ် ရေမြှုပ်တယ် ပြန်စိုက်ကြတယ်။ အခုလည်း နောက်တကြိမ် ပြန်ပြီး ရေမြှုပ်တာ။ အခုတော့ နှောကုန်း၊ မင်းကုန်း ပေါ့ချောင်းနဲ့ နီးတဲ့နေရာတွေ မြှုပ်နေတုန်းပဲ။ ဒေသခံတွေကတော့ ရေဘေးရှောင်နေကြတာပေါ့။ ကြို့ခုံ၊ ဝါးရုံခုံလည်း နစ်နေတုန်းဗျ”လို့ ပြောပါတယ်။
နှစ်စဉ် ရေကြီးတာ မဟုတ်ပေမဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ မိုးအဆက်မပြတ်ရွာသွန်းတာနဲ့ အင်းတော်၊ ဗန်းမောက်၊ ဝန်းသို၊ ပင်လည်ဘူး ဘက်ကကျလာတဲ့ရေတွေကြောင့် ကောလင်းမြို့နယ်အတွင်းမှာ အခုလိုရေကြီးနစ်မြုပ်ရတာလို့ သိရပါတယ်။










