မြန်မာတွင် လူကုန်ကူးခံရသူ ဖိလစ်ပိုင်နိုင်ငံသားများကို နေရပ်ပြန်ခေါ်
DVB
·
May 10, 2026

မြန်မာနိုင်ငံမှာ လူကုန်ကူးခံရသူတွေအဖြစ် သတ်မှတ်ခံထားရတဲ့ ဖိလစ်ပိုင်နိုင်ငံသား ၁၉ ယောက်ကို ဒီကနေ့ မေ ၁၀ ရက်နေ့ညမှာ ဘန်ကောက်လေဆိပ်ကနေ ဖိလစ်ပိုင်ကို ပြန်လည်ခေါ်ဆောင်သွားတယ်လို့ ဖိလစ်ပိုင်သတင်းမှာ ဖော်ပြပါတယ်။
နေရပ်ပြန်မယ့်သူတွေကို ဘန်ကောက်ရွှေ့ပြောင်းအလုပ်သမားရုံးနဲ့ ပြည်ပ အလုပ်သမားလူမှုဖူလုံရေးစီမံခန့်ခွဲရေး ဘန်ကောက်ရုံးဝန်ထမ်းတွေက ထိုင်းအာဏာပိုင်တွေနဲ့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ပြီး လုံခြုံစွာ နေရပ်ပြန်နိုင်ရေး ကူညီပေးနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဖိလစ်ပိုင်နိုင်ငံကို ပြန်မယ့်သူတွေနဲ့အတူ ဖိလစ်ပိုင် အမျိုးသားရဲတပ်ဖွဲ့က ရဲမှူးတယောက်က လိုက်ပါ စောင့်ရှောက်ပေးနေပြီး ဖိလစ်ပိုင်အစိုးရလည်း လူမှုဖူလုံရေးနဲ့ ကူညီစောင့်ရှောက်ရေးအတွက် ပံ့ပိုးပေးခဲ့ပါတယ်။
လူကုန်ကူးမှုနဲ့ ပြည်ပနိုင်ငံတွေမှာ အမြတ်ထုတ်ခံရမှုတွေကြောင့် ထိခိုက်နစ်နာနေတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေကို စနစ်တကျ လုံလုံခြုံခြုံနဲ့ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်ပို့နိုင်ရေးကို လက်ရှိ ဖိလစ်ပိုင် သမ္မတ ဂျူနီယာ မာကို့စ် ရဲ့ လမ်းညွှန်ချက်နဲ့ အစိုးရတရပ်လုံး ပူးပေါင်းဆောင်ရွက်နေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။










