
ထိုင်းနိုင်ငံ ဘန်ကောက် ဖရနခွန်းနယ်မြေ ခေါက်ဆန်လမ်းထဲမှာ ရဲတွေကို လိုင်းကြေးပေးပြီး အချိန်လွန်ဖွင့်၊ မူးယစ်ဆေးဝါးပါ ရောင်းချတဲ့ OK Bar ဖျော်ဖြေရေးဆိုင်ကို တာဝန်ရှိသူတွေက အောက်တိုဘာ ၁၀ ရက် မနက်က ဝင်ရောက်စီးနင်းပြီး အနီးနား နယ်မြေရဲစခန်းက ရဲအရာရှိ ၅ ယောက်လည်း တာဝန်ကနေ ရွှေ့ပြောင်းခံထားရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ခေါက်ဆန်လမ်း တိုက်ခန်းတခုရဲ့ ဒုတိယထပ်မှာ ကာရာအိုကေ အချိန်လွန်ဖွင့်လှစ်ပြီး မူးယစ်ဆေး ရောင်းချကြောင်း၊ လူငယ်တွေပါ လက်ခံကြောင်း တိုင်ကြားချက်ရတာကြောင့် တာဝန်ရှိသူတွေက ဧည့်သည်အသွင် ဦးစွာ ဝင်ရောက် စုံစမ်းထောက်လှမ်းခဲ့တယ်။ တိုင်ကြားချက် မှန်ကန်တာကြောင့် အောက်တိုဘာ ၁၀ ရက် မနက် ၃ နာရီက သွားရောက်စီးနင်း ဖမ်းဆီးခဲ့တယ်လို့ ထိုင်းပြည်ထဲရေးဌာန ဒုဝန်ကြီး ဖွန်းဖီး ဆုဝမ်းချဝီက သတင်းထောက်တွေကို ပြောပါတယ်။
တာဝန်ရှိသူတွေ ရောက်သွားချိန်မှာ အခန်းထဲမှာ အငွေ့ရှူရင် ပျော်ရွှင်စေတဲ့ နိုက်ထရပ်အောက်ဆိုက် ဓာတ်ငွေ့သွင်း ပူဖောင်း၊ အီးစီးကရက်၊ အရက်၊ မူးယစ်ဆေးဝါးနဲ့ သေနတ်ပါ တွေ့ရှိတယ်။ အဲဒီမှာ အသက် ၂၀ အောက် လူငယ်တွေ၊ ၁၅ နှစ်အရွယ် ကလေးတယောက် အပါအဝင် ဧည့်သည် ၁၀၀ ကျော်ရှိပြီး ဆီးစစ်ရာမှာ ခရမ်းရောင် (မူးယစ်ဆေးသုံးစွဲထား) ပေါ်သူ ၃၁ ယောက် ရှိတယ်၊ အဲဒီထဲမှာ လူငယ် ၄ ယောက် ပါဝင်တယ်၊ အိမ်သာထဲမှာလည်း မူးယစ်ဆေးသုံးရာမှာ အသုံးပြုတဲ့ ပလတ်စတစ်ပိုက်တွေ၊ မူးယစ်ဆေးလို့ ယူဆရတဲ့ အဖြူရောင်အမှုန့်တွေ ပြန့်ကျဲနေတယ်လို့ ဆိုပါတယ်။
ဝင်ငွေထွက်ငွေစာရင်းစာအုပ်ကို စစ်ဆေးရာမှာ လုံခြုံရေးအတွက် အဖွဲ့စုံကို လစဉ် လိုင်းကြေးသွင်းထားတာတွေ တွေ့ရတယ်၊ လိုင်းကြေး စုစုပေါင်း တလ ဘတ် ၁၈၀,၀၀၀ ခန့် ပေးထားပါတယ်။
ကာရာအိုကေဆိုင်မှာလည်း ရဲစခန်းနဲ့ မီတာ ၁၀၀ ခန့်သာ ကွာဝေးတယ်၊ တာဝန်ရှိသူတွေဟာ အဲဒီနေရာကို အရင်ကလည်း ၄ ကြိမ်တိုင် ဝင်ရောက်စစ်ဆေး သတိပေးခဲ့ပြီးဖြစ်ပေမဲ့ မလိုက်နာဘဲ ဖွင့်မြဲဖွင့်နေတယ်၊ ဒီတခါမှာတော့ ၅ နှစ် ပိတ်ပင်ဖို့ အထွေထွေအုပ်ချုပ်ရေးဌာနကို တင်ပြသွားမယ်လို့ ပြည်ထဲရေး ဒုဝန်ကြီးက ပြောသွားပါတယ်။
ဒါ့အပြင် ဆိုင်မန်နေဂျာကို ဖမ်းဆီးထိန်းသိမ်းထားပြီး ခွင့်ပြုချက်မရဘဲ ဘားဆိုင်ဖွင့်လှစ်မှု၊ သတ်မှတ်ချိန်ထက် လွန်ပြီး အရက်ရောင်းချမှု၊ အသက် ၂၀ အောက် လူငယ်တွေကို အရက်ရောင်းချပေးမှု၊ ကလေးသူငယ်တွေ မသင့်လျော်တာ လုပ်နေတာကို လျစ်လျူရှုမှု၊ အရက်ကြော်ငြာစည်းကမ်း ချိုးဖောက်တာ၊ အစားအသောက်နဲ့ ကုန်ပစ္စည်းဆိုင်ရာ စည်းကမ်းချိုးဖောက်တာ၊ လိုင်စင်မရှိဘဲ ခေတ်မီဆေးဝါးရောင်းချတာ အစရှိတဲ့ စွဲချက် ၈ ချက်တင်ပြီး အရေးယူသွားမယ်လို့ ဆိုပါတယ်။
အဆိုပါ ကာရာအိုကေခန်းပိုင်ရှင်မှာ ကျေးကန့် ဆိုသူ အမျိုးသမီးဖြစ်ပြီး သူ့ခင်ပွန်းဟာ ရဲတပ်ဖွဲ့ဝင် တယောက် ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဘန်ကောက်မြို့တော် နခွန်းဘန်ရဲတပ်ဖွဲ့ကလည်း ဖျော်ဖြေရေးဆိုင် ဖွင့်လှစ်တာကို နယ်မြေခံရဲတွေ တာဝန်အရ စစ်ဆေးအရေးယူခဲ့ခြင်း ရှိ၊ မရှိ၊ လျစ်လျူရှုထားခြင်း ရှိ၊ မရှိနဲ့ လိုင်းကြေးမှာ လာဘ်စားထားတွေ ရှိ၊ မရှိ စစ်ဆေးအရေးယူသွားမယ်လို့ နခွန်းဘန်နယ်မြေ ရဲမှူးကြီး ဆယမ် ကွန်းဆိမ်က ပြောပါတယ်။
ဒါ့အပြင် လောလောဆယ် စုံစမ်းစစ်ဆေးဆဲကာလမှာ နယ်မြေထဲက ရဲအရာရှိ ၅ ယောက်ကို တာဝန်ဝတ္တရား ပြောင်းရွှေ့ချထားတယ်၊ အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိက ဥပဒေအရ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ရဲမှူးကြီးက ပြောသွားပါတယ်။
Source: PPTV HD 36 / CH 3 TV News / Khaosod News











