
ထိုင်း-မြန်မာနယ်စပ်ကို သွားရောက်မဲ့ တရုတ်နိုင်ငံသားတွေအနေနဲ့ အန္တရာယ်ရှိနိုင်လို့ အထူးသတိထားကြဖို့ ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဇွန် ၂၄ ရက် မှာ ကောင်စစ်ဆိုင်ရာ ခရီးသွားသတိပေးချက် ထုတ်ပြန်လိုက်တယ်လို့ သံရုံးရဲ့ တရားဝင် WeChat လူမှုကွန်ရက် အရ သိရပါတယ်။
တရုတ်နိုင်ငံသားတချို့ဟာ မြန်မာနိုင်ငံ မြဝတီမြို့နယ်နဲ့ နယ်ခြား တာ့ခ်ခရိုင်လို နယ်စပ်ဒေသ တွေကို သွားရောက်ခဲ့ပြီးနောက်ပိုင်း ထိုင်းလူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေရဲ့ တင်းကျပ်စွာ စစ်ဆေးမှုကို ခံခဲ့ရပြီး တချို့ဖြစ်စဉ်တွေမှာဆိုရင် ပြည်ဝင်ခွင့် ငြင်းပယ်ခံရတာတွေ ရှိခဲ့တယ်လို့ မကြာသေးခင်က တိုင်ကြားချက်တွေ လက်ခံရရှိခဲ့ကြောင်း သံရုံးက ပြောပါတယ်။
ဒါကြောင့် တရုတ်နိုင်ငံသားတွေအနေနဲ့ တာ့ခ်ခရိုင်နဲ့ မဲဆောက်အပါအဝင် နယ်စပ်ဒေသတွေကို သွားရောက်မယ်ဆိုရင် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို သေချာနားလည်ထားဖို့နဲ့ သွားသင့်၊ မသွားသင့်ဆိုတာကို ဂရုတစိုက် စဉ်းစားကြဖို့ အကြံပြုထားပါတယ်။
အဆိုပါ သတိပေးချက်အရ ထိုင်းအာဏာပိုင်တွေဟာ မကြာသေးခင်နှစ်တွေအတွင်း နယ်စပ် ဒေသတွေရဲ့ ဝင်ပေါက်ထွက်ပေါက် စီမံခန့်ခွဲမှုကို ပိုမိုတင်းကျပ်လာခဲ့ပြီး တရားမဝင် အလုပ်အကိုင်ရှာဖွေမှု၊ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်)၊ အွန်လိုင်းလောင်းကစားမှု၊ လူမှောင်ခိုကူးမှုနဲ့ လူကုန်ကူးမှုတွေအပြင် တခြားသော နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေနဲ့ ပတ်သက်တဲ့ အန္တရာယ်တွေကို ကာကွယ်ဖို့အတွက် ကြိုးပမ်းအားထုတ်မှုတွေကို တိုးမြှင့် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
အဲဒီဒေသတွေကို သွားရောက်ဖူးသူ၊ အချိန်အကြာကြီး နေထိုင်ခဲ့သူ၊ ခရီးသွားလာတဲ့ ပုံစံ ပုံမှန် မဟုတ်သူ ဒါမှမဟုတ် သက်ဆိုင်ရာအမှုအခင်းတွေနဲ့ ဆက်နွှယ်မှုရှိတဲ့ နိုင်ငံခြားသားတွေအနေနဲ့ ထိုင်းနိုင်ငံထဲ ပြန်လည်ဝင်ရောက်ချိန်မှာ အနီးကပ် စောင့်ကြည့်စစ်ဆေးခံရနိုင်သလို ထပ်တိုး စစ်ဆေးမှုတွေနဲ့လည်း ကြုံတွေ့ရနိုင်တယ်လို့ သံရုံးက ဆိုပါတယ်။
ထိုင်းနိုင်ငံကို လာရောက်လည်ပတ်မဲ့ တရုတ်နိုင်ငံသားတွေအနေနဲ့ ခရီးစဉ်တွေကို သေချာ စနစ်တကျ စီစဉ်ကြဖို့၊ ပုံမှန်ခရီးသွားလုပ်ငန်း ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းတွေနဲ့ မသက်ဆိုင်တဲ့ ထိလွယ်ရှလွယ် နယ်စပ်ဒေသတွေကို သွားရောက်တာမျိုး ရှောင်ကြဉ်ကြဖို့၊ လစာကောင်းတဲ့ အလုပ်အကိုင် ကြော်ငြာတွေ၊ ရင်းနှီးမြှုပ်နှံမှု ခရီးစဉ်တွေ ဒါမှမဟုတ် လောင်းကစားလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ ကြော်ငြာတွေကို မယုံကြည်ကြဖို့နဲ့ ဘယ်လို တရားမဝင်လုပ်ငန်းမျိုးမှာမဆို ပါဝင်ပတ်သက်တာမျိုး မလုပ်ကြဖို့ သံရုံးက သတိပေးနှိုးဆော်ထားပါတယ်။
ထိုင်း-မြန်မာနယ်စပ်ဒေသတွေကို သွားရောက်ဖူးပြီး ထိုင်းနိုင်ငံထဲ ပြန်လည်ဝင်ရောက်ဖို့ အစီအစဉ် ရှိသူတွေအနေနဲ့ ခရီးစဉ်တွေ အနှောင့်အယှက်မဖြစ်စေဖို့အတွက် သက်ဆိုင်ရာ ဥပဒေ မူဝါဒတွေကို ကြိုတင်စုံစမ်းမေးမြန်းထားဖို့နဲ့ ပြည်ဝင်ခွင့်မှာ ကြုံတွေ့ရနိုင်တဲ့ စိန်ခေါ်မှုတွေကို ကြိုတင်တွက်ဆထားဖို့လည်း တိုက်တွန်းထားပါတယ်။
ဒီသတိပေးချက်ဟာ ၂ လအတွင်း ထိုင်းနိုင်ငံရှိ တရုတ်သံရုံးကနေ ဒုတိယအကြိမ်မြောက် ထုတ်ပြန်တဲ့ ခရီးသွားသတိပေးချက်လည်း ဖြစ်ပါတယ်။
ဧပြီ ၂၄ ရက်ကလည်း တရုတ်သံရုံးက အလားတူ သီးခြားသတိပေးချက်တခု ထုတ်ပြန်ခဲ့ဖူး ပါတယ်။
အဲဒီထုတ်ပြန်ချက်မှာတော့ တရုတ်နိုင်ငံသား အတော်များများဟာ မကြာသေးခင်က ရာဇဝတ်ဂိုဏ်းတွေရဲ့ "လစာကောင်းတဲ့အလုပ်" ဒါမှမဟုတ် ခရီးသွားလာရေး ခေါင်းစဉ်အောက်မှာ လိမ်လည်လှည့်ဖြားခံခဲ့ရပြီး၊ ထိုင်းနိုင်ငံကို ဖြတ်ကျော်ကာ ထိုင်း-မြန်မာနယ်စပ်ဒေသတွေကို ပို့ဆောင်ခံခဲ့ရကြောင်း၊ အဲဒီနောက် တယ်လီဖုန်းနဲ့ အွန်လိုင်းလိမ်လည်မှုတွေအပြင် တခြား တရားမဝင်လုပ်ငန်းတွေမှာ ပါဝင်ခိုင်းစေခြင်း ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ သတိပေးချက်မှာ လူတချို့ဟာ အဓမ္မ လူကိုယ်တိုင် ထိန်းချုပ်ခံရတာ၊ အကြမ်းဖက်ခံ ရတာနဲ့ မတရားဖမ်းဆီးချုပ်နှောင်ခံရတာတွေ ကြုံခဲ့ရပြီး သူတို့ရဲ့ အသက်အန္တရာယ်၊ ဘေးကင်း လုံခြုံရေးနဲ့ ဥပဒေကြောင်းအရ ရပိုင်ခွင့်တွေကို ပြင်းထန်စွာ ထိခိုက်စေခဲ့ကြောင်း ထည့်သွင်းပြော ကြားထားပါတယ်။
ဒါကြောင့် တရုတ်နိုင်ငံသားတွေအနေနဲ့ အန္တရာယ်ရှိနိုင်ခြေကို ပိုမိုသတိပြုကြဖို့၊ ကိုယ်ရေး ကိုယ်တာ ဘေးကင်းလုံခြုံရေး အစီအမံတွေကို တိုးမြှင့်ထားဖို့၊ တရားမဝင်လုပ်ငန်းတွေနဲ့ ဝေးဝေး နေကြဖို့နဲ့ မိမိတို့ရဲ့ လုံခြုံရေးကို အာမခံချက်ရှိအောင် လုပ်ဆောင်ကြဖို့ သံရုံးက တိုက်တွန်း ထားပါတယ်။
ဒေသတွင်းမှာ နိုင်ငံစုံပူးပေါင်းပြီး နှိမ်နင်းမှုတွေ ပြုလုပ်ခဲ့ပေမဲ့ မြန်မာနိုင်ငံထဲက အွန်လိုင်း လိမ်လည်မှု ကျားဖြန့်လုပ်ငန်းခွင်တွေထဲမှာ လူပေါင်း ၅,၃၀၀ ကျော် ဆက်လက်ပိတ်မိနေဆဲလို့ ထိုင်းနိုင်ငံအခြေစိုက် လူကုန်ကူးမှုခံရသူများ ကူညီစောင့်ရှောက်ရေး အရပ်ဘက် လူမှုအဖွဲ့အစည်းများကွန်ရက်က ထုတ်ပြန်ပြောထားပါတယ်။
Source: Global Times











