
NLD အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည် ရေဘေးကူညီနေတဲ့ ရုပ်သံမှတ်တမ်းကို တစ်တော့မှာ တင်ခဲ့တဲ့ လူငယ်တယောက်အား သြဂုတ် ၂၀ ရက်က လှိုင်သာယာအရှေ့ပိုင်းမြို့နယ် ၁၅ ရပ်ကွက်မှာ စစ်အာဏာရှင်တပ်က ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
လှိုင်သာယာအရှေ့ပိုင်းမြို့နယ် ၁၅ ရပ်ကွက်မှာ နေထိုင်တဲ့ ကိုနေမင်းကို သြဂုတ် ၂၀ ရက် ညနေ ၅ နာရီခွဲက စစ်တပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တာလို့ ရပ်ကွက်နေသူတယောက်က DVB ကို ပြောပါတယ်။
“ရေဘေးမှာ အမေစု ဘယ်လိုစီမံဆောင်ရွက်ကူညီပေးလဲဆိုတာ သိစေချင်လို့ တင်တာ။ သူနေတဲ့နေရာက အုပ်ကြီးအဟောင်းရော၊ အသစ်ရော ကြံ့ခိုင်ရေးတွေ အများစုနေတဲ့ နေရာဆိုတော့ တင်ပြီးမကြာဘူး အဖမ်းခံရတာပဲ။ ခုလို အဖမ်းခံရတာကလည်း ကြံ့ခိုင်ရေးကလူတွေ တိုင်လိုက်လို့။”
အဲဒီရုပ်သံဟာ ၂၀၁၅ ခုနှစ် သြဂုတ်လမှာ ပဲခူးမြို့ ရေကြီးချိန် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ရေဘေးကယ်ဆယ်ရေးစခန်းတွေကို သွားရောက်လှူဒါန်းနေတာ ဖြစ်ပါတယ်။
ဧရာဝတီတိုင်းရေကြီးပြီး ပြည်သူလူထု ဒုက္ခရောက်နေချိန်မှာ စစ်အာဏာရှင်တပ်ရဲ့ လွဲမှားတဲ့ လုပ်ဆောင်ချက်တွေကို ပြည်သူတွေသိစေဖို့ NLD အစိုးရလက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည် ရေဘေးကူညီမှု ရုပ်သံမှတ်တမ်းဗီဒီယိုကို သူအသုံးပြုနေတဲ့ "သူရိယနေမင်း" တစ်တော့ အကောင့်ကနေ သြဂုတ် ၁၅ ရက်က တင်ခဲ့တာဖြစ်ပါတယ်။
အဆိုပါဖမ်းဆီးမှုနဲ့ပတ်သက်ပြီး စစ်အာဏာရှင်တပ်က သြဂုတ် ၂၃ ရက်မှာ ထုတ်ပြန်ခဲ့ပြီး နေမင်း (ခ) ကိုသန်းစိုးဦးကို လှိုင်သာယာ (အရှေ့ပိုင်း) မြို့မရဲစခန်းမှာ အမှုဖွင့်လှစ် စစ်ဆေးနေတယ်လို့ ဖော်ပြပါတယ်။
သြဂုတ် ၈ ရက်နဲ့ ၁၀ ရက်နေ့ကလည်း မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်မှာ စစ်အာဏာရှင်တပ်ကို တော်လှန်နေတဲ့ ရေးဘီးလူးရဲ့ ပို့စ်အောက်မှာ ကွန်မန့်ဝင်ရေးတဲ့ အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသားတယောက်ကို စစ်အာဏာရှင်တပ်က ဖမ်းဆီးခဲ့ပါတယ်။
အလားတူ ဇွန် ၅ ရက်က သမ္မတပြောရေးဆိုခွင့် ဒေါ်ခိုင်ခိုင်စိုးရဲ့ သတင်းအောက်မှာ ကွန်မန့်ရေးလို့ ပဲခူးမြို့နယ်က အသက် ၇၀ နီးပါးရှိတဲ့ အမျိုးသမီးကြီးတယောက်လည်း ဖမ်းဆီးခံခဲ့ရပါတယ်။











