
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ဝါးတောကွင်းကျေးရွာအနီးရှိ စစ်အာဏာရှင်တပ်ရဲ့ ပွိုင့်-၁၈၈ စခန်းကုန်းကို ဇွန် ၂၀ ရက်မှာ အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်တယ်လို့ AA နဲ့နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
အခုသိမ်းပိုက်ရရှိတဲ့ စခန်းကုန်းမှာ ရေကြည်နဲ့ သာပေါင်မြို့နယ် အစပ်က စစ်ရေးအရ အလွန်အရေးပါသလို စခန်းသိမ်းတိုက်ပွဲအတွင်းမှာလည်း စစ်အာဏာရှင်တပ်သား အလောင်း ၁၀ ကျော်နဲ့ လက်နက်ခဲယမ်းတွေကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ် တယောက်က ပြောပါတယ်။
“ပွိုင့်-၁၈၈ စခန်းကုန်းကို ဒီရက်ပိုင်းမှာ ထိုးစစ်ဆင် သိမ်းပိုက်ထားတာရှိတယ်။ ရန်သူ့ အလောင်း ၁၀ ကျော်ကိုလည်း ရရှိခဲ့သလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိထားတာရှိတယ်။ ဒီစခန်းက ရခိုင်ရိုးမကို အခြေပြု တည်ဆောက်ထားတာဖြစ်ပြီး ရေကြည်နဲ့ သာပေါင်းမြို့နယ် အစပ်က အရေးပါတဲ့ စခန်းတခုလည်း ဖြစ်တယ်။”
လက်ရှိ စခန်းသိမ်းပိုက်လိုက်တဲ့ ဝါးတောကွင်း၊ မရမ်းချို၊ ကျေးရွာအနီးတွေဟာ စစ်တပ်တွေက လှုပ်ရှားမှုတွေရှိနေပြီး ရိုးမအတွင်း တပ်စခန်း အသစ်ဆောက်လုပ်မှုတွေကိုလည်း ပြုလုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ရေကြည်မြို့နယ် မြောက်စမ်းကျေးရွာ အခြေစိုက်ထားတဲ့ အမတ- ၃၄၄ တပ်ရင်းအနီးမှာလည်း စစ်အာဏာရှင်တပ်နဲ့ AA တပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေကြပြီး စစ်အာဏာရှင်တပ်က ကာကင်းတပ်စခန်းတွေကို ဆက်တိုက် လက်လွှတ်ဆုံးရှုံးနေကြရတာ ဖြစ်ပါတယ်။
AAနဲ့ ပူးပေါင်းတပ်တွေဟာ ရခိုင်ရိုးမ တောင်ရိုးတလျောက်နဲ့ ပုသိမ်-မုံရွာလမ်းပိုင်းကို အဓိက ထိန်းချုပ်ထားတာဖြစ်ပြီး ရေကြည်၊ သာပေါင်း၊ လေးမျက်နှာ၊ ပုသိမ်၊ အင်္ဂပူမြို့နယ်တို့မှာ စစ်ရေးလှုပ်ရှားနေကြာတာဖြစ်ပြီး စစ်အာဏာရှင်တပ်ကလည်း ဆုံးရှုံးနယ်မြေတွေကို ပြန်ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
လေးမျက်နှာဒေသခံတယောက်က “ဧရာဝတီဘက်မှာ တိုက်ပွဲတွေက နေ့တိုင်းရှိနေတယ်။ အထူးသဖြင့် ရေကြည်၊ လေးမျက်နှာနဲ့ သာပေါင်းမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲတွေ ရှိတယ်။ စစ်ကြောင်းတွေ ထိုးလာရင် ကိုယ်တို့ဘက်က ကြားဖြတ်တိုက်ခိုက်တာကြောင့် သူတို့တွေ အထိနာပြီး ပြန်ဆုတ်ရတာများတယ်။ သူတို့က လက်နက်ကြီးကို အဓိကသုံးပြီး အဝေးက လှစ်ပစ်တွေတာ ဆက်တိုက်လုပ်လာတယ်” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းက မြို့နယ် ၅ ခုထက်မနည်းမှာ အာရက္ခတပ်တော်က မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ ပူးပေါင်းပြီး ၂၀၂၅ ခုနှစ် အစောပိုင်းကတည်းက စစ်ရေးဖော်ဆောင်နေတာလည်း ဖြစ်ပါတယ်။ ရခိုင်စစ်မျက်နှာအပြင် ဧရာဝတီ၊ ပဲခူး၊ မကွေးနဲ့ ချင်း စစ်မျက်နှာတွေမှာပါ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး တိုက်ခိုက်နေကြပါတယ်။










