
စစ်ကောင်စီ ထိန်းချုပ်မူအောက်မှာရှိတဲ့ ရန်ကုန်မြို့မှာ ပုဂ္ဂလိကသင်္ကြန်ပွဲ ကျင်းပဖို့ အပြိုင်စီစဥ်နေသလို ကြိုတင်လက်မှတ်ရောင်းချမူတွေ လုပ်လာကြတယ်လို့ မြို့ခံလူငယ်တွေဆီက သိရပါတယ်။
ရန်ကုန်မြို့မှာ ပုဂ္ဂလိကအစီစဥ်နဲ့ သင်္ကြန်ပွဲကို ပုံစံအမျိုးမျိုးနဲ့လုပ်ဖို့ ပြင်ဆင်နေကြသလို လူတယောက်ကို သိန်းဂဏန်းလောက် ကျသင့်တဲ့ စီးပွားဖြစ် လက်မှတ်ရောင်းချမှုတွေ အခုရက်ပိုင်းမှာ တွေ့ လာတယ်လို့ ဆိုပါတယ်။
ဘာသာစကားသင်တန်း တက်နေတဲ့ လူငယ်တယောက်က “တော်ရုံလူမသွားနိုင်ဘူး။ အခုသင်္ကြန်ပွဲက လူတန်းစားတရပ်အတွက်ပဲ သီးသန့်ဖြစ်နေတာ။ သူတို့လိုလည်း လိုက်မပျော်နိုင်ဘူး” လို့ ပြောပါတယ်။
အာဏာသိမ်းပြီးနောက်မှာ ပုဂ္ဂလိက ရေကစားမဏ္ဍပ် ဆောက်လုပ်တာထက် သီးခြားအဝန်းအဝိုင်းနဲ့ Bar၊ စားသောက်ဆိုင်တို့ကနေ လက်မှတ်ရောင်းပြီး သင်္ကြန်ပွဲကျင်းပတဲ့ ပုံစံပြောင်းလဲမှုတွေ ရှိလာတာဖြစ်ပါတယ်။
အဲဒီလို သင်္ကြန်ပွဲအစီအစဥ်တွေမှာ ငှားရမ်းထားတဲ့ အဆိုတော်၊ DJ၊ ပက်ကေ့အမျိုးအစားအပေါ် မူတည်ပြီး လက်မှတ်နှုန်းထားကွာသလို တရက်ချင်းနဲ့ လေးရက်လုံးစာ ဈေးနှုန်းမှာလည်း ကွာခြားမှုရှိတယ်လို့ လက်မှတ်ဝယ်ဖို့ စုံစမ်းနေတဲ့ ရန်ကုန်မြို့ခံ လူငယ်တယောက်က ပြောပါတယ်။
“၄ ရက်လုံးဆိုရင် တယောက်ကို ၂ သိန်းပတ်လည်မှာ ရှိတယ်။ DJ အကောင်းစားနဲ့ ပွဲအပြင်အဆင် ရှယ်လုပ်ထားတာမျိုးဆိုရင် ဈေးက ပိုမြောက်တယ်။ အနားတောင် မကပ်နိုင်ဘူး။”
ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်၊ MARZ Rooftop Bar က လုပ်မဲ့ သင်္ကြန်ပွဲရဲ့ တရက်စာ လက်မှတ်ခ ၄ ယောက်ဝိုင်းအတွက် အနည်းဆုံး ကျပ် ၂ သိန်းခွဲကနေ ၁၀ ယောက်ဝိုင်းအတွက် ကျပ် ၁၅ သိန်းအထိ ရှိတယ်လို့ ကိုယ်တိုင်စုံစမ်းခဲ့သူတယောက်က ဆိုပါတယ်။
အရင်က သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခဲ့တဲ့ Black Jack က အခုနှစ်မှာ Myanmar Thingyan Water Festival (MTWF) နာမည်နဲ့ ပြည်လမ်းမဘေးက ခြံဝင်းမှာ သင်္ကြန်ပွဲလုပ်ဖို့ ပြင်ဆင်ထားပြီး ကြိုတင်လက်မှတ်ခအဖြစ် တယောက်ကို ၁ သိန်းကျပ်နဲ့ VIP လက်မှတ်ကို ၂ သိန်းကျပ် သတ်မှတ်ထားကြောင်း အသိပေးထားပါတယ်။
အင်းလျားကျွန်းမှာ သင်္ကြန်ပွဲလုပ်မဲ့ Thingyan Music Festival (TMF) ကလည်း ကြိုတင်လက်မှတ် ၄ ရက်စာ တယောက်ကို ၁၈၀,၀၀၀ ကျပ် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ စစ်ကောင်စီက သင်္ကြန်ပွဲကျင်းပဖို့အတွက် ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်ကို အခုလဆန်းပိုင်းကတည်းက ဆောက်လုပ်နေသလို မြို့နယ်၊ ခရိုင်မဏ္ဍပ်တွေ ဆောက်ဖို့ သတ်မှတ်ထားတယ်လို့ ဌာနတွင်းသတင်းတွေအရ သိရပါတယ်။










