
အီရန်နိုင်ငံရဲ့ ရန်သူတွေကို အနိုင်ယူဖို့ စီးပွားရေးတိုက်ပွဲနဲ့ ယဉ်ကျေးမှုဆိုင်ရာတိုက်ပွဲ ဆင်နွှဲဖို့ အီရန် အထွတ်အထိပ်ခေါင်းဆောင် မိုဂ်ျတာဘာခါမေနီက အီရန်နိုင်ငံသားတွေကို တိုက်တွန်းခဲ့တယ်လို့ အီရန်မီဒီယာတွေမှာ ဖော်ပြပါတယ်။
မေ ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာ ကျရောက်တဲ့ အလုပ်သမားနေ့နဲ့ ဆရာများနေ့ အထိမ်းအမှတ် သတင်းစကားမှာ ခါမေနီက ခုလို ပြောခဲ့တာပါ။
၄၇ နှစ်ကျော် ရုန်းကန်ပြီးတဲ့နောက် အီရန်ဟာ ရန်သူတွေကို တိုက်ခိုက်ရာမှာ စစ်ရေးစွမ်းရည်တွေကို ပြသခဲ့ပြီး စီးပွားရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ တိုက်ပွဲတွေမှာလည်း ရန်သူတွေကို စိတ်ပျက်အောင်လုပ်ရင်း အနိုင်ယူရမယ်လို့ ပြောပါတယ်။
ခါမေနီက ဆရာတွေနဲ့ အလုပ်သမားတွေကို ဒီတိုက်ပွဲတွေမှာ အထိရောက်ဆုံး အစိတ်အပိုင်းတွေအဖြစ် ဖော်ပြခဲ့ပြီး သူတို့ကို ယဉ်ကျေးမှုနဲ့ စီးပွားရေးနယ်ပယ်တွေရဲ့ ကျောရိုးတွေလို့ ခေါ်ဆိုခဲ့ပါတယ်။
ခါမေနီက ပြည်တွင်းထုတ်ကုန်တွေ သုံးစွဲမှုကို ဦးစားပေးဖို့ကိုလည်း တိုက်တွန်းပါတယ်။ အီရန် အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) ရဲ့ ရေတပ်က အီရန် အထွတ်အထိပ်ခေါင်းဆောင် မိုဂ်ျတာဘာ ခါမေနီရဲ့ သမိုင်းဝင်ညွှန်ကြားချက်အပေါ် အခြေခံပြီး ပါရှန်ပင်လယ်ကွေ့ကို စီမံခန့်ခွဲဖို့ စည်းမျဉ်းသစ်တွေကို အကောင်အထည်ဖော်မယ်လို့ မေ ၁ ရက်နေ့မှာ ကြေညာပါတယ်။
X လူမှုမီဒီယာပလက်ဖောင်းကတဆင့် ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ IRGC ရေတပ်က ပါရှန်ပင်လယ်ကွေ့နဲ့ ဟော်မုဇ်ရေလက်ကြားက အီရန်ကမ်းရိုးတန်း ကီလိုမီတာ ၂,၀၀၀ နီးပါးကို လွှမ်းမိုးထားပြီး ဒေသတွင်း လုံခြုံရေးနဲ့ ကြွယ်ဝချမ်းသာမှုကို မြှင့်တင်ပေးနေချိန်မှာ ရေပြင်ကို အီရန်ပြည်သူတွေအတွက်ဝင်ငွေနဲ့ စွမ်းအားအရင်းအမြစ်အဖြစ် ပြောင်းလဲဖို့ ရည်ရွယ်တယ်လို့ ပြောထားပါတယ်။
Source: Reuters










