
စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်ရဲ့ နှစ်ဆန်း ၁ ရက်နေ့ လွတ်ငြိမ်းချမ်းသာမှာ အကျဉ်းသား ၄,၀၀၀ ကျော်ကို လွတ်ငြိမ်းပေးမယ်လို့ ကြေညာခဲ့ပေမဲ့ ၁,၆၀၀ ကျော်သာ အမှန်တကယ် လွတ်မြောက်လာပြီး အဲဒီအထဲ နိုင်ငံရေးအကျဉ်းသားပါဝင်မှုက ၂၉၀ ကျော်နဲ့ ၁၇ ရာခိုင်နှုန်းသာ ရှိပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ဧပြီ ၁၈ ရက်နေ့ နောက်ဆုံး ကောက်ယူပြုစုထားတဲ့ စာရင်းတွေအရ နိုင်ငံတဝန်း အကျဉ်းထောင်အသီးသီးက အကျဉ်းသား ၄,၃၃၅ ယောက် လွှတ်ပေးမယ်လို့ ကြေညာခဲ့ပေမဲ့ ၁,၆၈၆ ယောက်သာ အမှန်တကယ် လွတ်မြောက်လာခဲ့ပြီး အဲဒီအထဲ နိုင်ကျဉ်း ၂၉၂ ယောက်သာ ပါဝင်ကြောင်း သိရပါတယ်။ ဒါဟာ အမှန်တကယ် လွတ်မြောက်လာသူ စုစုပေါင်းရဲ့ ၁၇ ရာခိုင်နှုန်းကျော်သာ ရှိတာဖြစ်ပါတယ်။
PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက “ဒီနှစ်ဆန်း ၁ ရက်နေ့မှာတော့ တနိုင်ငံလုံး အနေအထားမှာ ၄,၀၀၀ ကျော်လို့ သူတို့ကြေညာတဲ့အခါမှာ အဲဒီ ၄,၀၀၀ ကျော်ကလည်း နိုင်ငံရေး အမှုတွေလို အရင်တုန်းကလိုမျိုး ရေးထားတာမျိုး မဟုတ်ဘဲ ခြောက်ပုံတပုံ ပေးတာ၊ သေဒဏ်ကနေမှ လျှော့ပေးတာ စသည်ဖြင့်တော့ ရေးကြ ပြောကြပေမဲ့ တကယ်လက်တွေ့မှာတော့ နိုင်ငံရေးအကျဉ်းသား ပါဝင်မှုက ၂၉၀ ကျော်ပေါ့နော်။ ဒါ နောက်ထပ် အပြောင်းအလဲတွေ ကြီးကြီးမားမားလုပ်ဖို့ ကမ္ဘာကြီးကို လှည့်စားဖို့အတွက် ဓားစာခံတွေကို ဖမ်းဆီးထားသလိုပဲ နိုင်ငံရေးအကျဉ်းသားအများအပြားကို ဆက်လက်ဖမ်းဆီးထားတယ်လို့ ကျနော် ဒီလိုမြင်မိပါတယ်ဗျ” လို့ ပြောပါတယ်။
ဧပြီ ၁၇ ရက် နှစ်ဆန်း ၁ ရက်နေ့ လွတ်ငြိမ်းမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ရုပ်ရှင်ဖန်တီးသူ ရှင်ဒေဝီတို့လို လူသိများ ကျော်ကြားသူတချို့သာ ပါဝင်လာခဲ့ပြီး နိုင်ကျဉ်းအများစုကတော့ အကျဉ်းထောင်အသီးသီးမှာ သောင်းနဲ့ချီ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။
နှစ်စဉ် နှစ်ဆန်း ၁ ရက်နေ့ဆို လွတ်ငြိမ်းအများအပြား ပေးလေ့ရှိတာကြောင့် ဒီတခေါက်လွတ်ငြိမ်းမှာ မပါဝင်လာတဲ့ နိုင်ကျဉ်းမိသားစုဝင်တွေရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးလိုက်တာဖြစ်ကြောင်း ကိုသိုက်ထွန်းဦးက ဆက်ပြောပါတယ်။
အိုးဘိုထောင်တခုတည်းမှာပဲ တခြားပြစ်မှုတွေနဲ့ အကျဉ်းကျသူ ၂၃၆ ယောက်ကို လွတ်ငြိမ်းပေးခဲ့ပေမဲ့ နိုင်ငံရေးအမှုတွေနဲ့ အကျဉ်းကျနေသူ အမျိုးသား ၇၂ ယောက်၊ အမျိုးသမီး ၁၅ ယောက်နဲ့ စုစုပေါင်း ၈၇ ယောက်သာ လွတ်ငြိမ်းနဲ့ လွတ်မြောက်လာတာ ဖြစ်ပါတယ်။
လွတ်မြောက်လာသူ အများစုက ပြစ်ဒဏ်ကျခံရမဲ့ကာလ ၃ လလောက်ပဲ ကျန်နေသူတွေဖြစ်ကြောင်း အိုးဘိုအကျဉ်းထောင်ကနေ နိုင်ငံရေးပြစ်မှုနဲ့ အကျဉ်းကျပြီး နှစ်ဆန်း ၁ ရက် လွတ်ငြိမ်းမှာ လွတ်မြောက်လာသူတယောက်က ပြောပြပါတယ်။
“ကျနော်တို့အဆောင်မှာ နိုင်ကျဉ်းက ၁၅၀ ဝန်းကျင်လောက်ရှိတယ်။ ၅၂(က) တို့ ၅၀(ည) အပြင် တခြား လက်နက်မှု၊ လူသတ်မှု အစုံရောထားတဲ့အမှုတွေနဲ့ပေါ့ဗျာ။ အခုတခေါက်က အိုးဘိုထောင်ကနေ ကျနော်တို့နဲ့အတူ လွတ်လာတဲ့ နိုင်ကျဉ်းက ၇၂ ယောက်ရှိတယ်ဗျ။ အဓိက လွတ်လာတဲ့သူတွေကတော့ လွတ်ရက် ၃ လလောက်ပဲ ကျန်တော့တဲ့သူတွေပေါ့။ ကျတဲ့နှစ်ကို သုံးပုံတပုံ နှုတ်ပြီး ၃ လလောက် ကျန်တဲ့လူတွေပါ များပါတယ်။ နိုင်ကျဉ်း အဓိကလွတ်တာမဟုတ်ဘဲ အကျဉ်းသားအားလုံး တန်းတူခံစားစေ ဆိုတဲ့သဘောနဲ့ ပေးတာပါ။ အိုးဘိုထောင် တခုလုံးမှာရှိတဲ့ နိုင်ကျဉ်းရဲ့ လေးပုံတပုံလောက် မလွတ်ပါဘူးခင်ဗျာ။”
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ခြွင်းချက်မရှိ လွတ်မြောက်ဖို့ အပြာရောင်အင်္ကျီလှုပ်ရှားမှု (Blue Shirt Campaign) ကို PPNM က ဦးဆောင်ပြီး ဧပြီ ၂၁ ရက်အထိ ပြုလုပ်နေတာရှိပါတယ်။
ဝေဝေ










