
ရန်ကုန်တိုင်း ထန်းတပင်မြို့နယ်၊ တူးချောင်းကျေးရွာမှာ KG မိန်းကလေးငယ်ကို အဓမ္မပြုကျင့် သတ်ဖြတ်ပြီး နားကပ်ယူ အလောင်းဖျောက်ခဲ့တဲ့ အမျိုးသားကို ရဲတွေက ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေဆီကသိရပါတယ်။
ဇူလိုင် ၃ ရက်က ရန်ကုန်တိုင်း ထန်းတပင်မြို့နယ်၊ တူးချောင်းကျေးရွာက အသက် ၅ နှစ်အရွယ် KG မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်ပြီး နားကပ်ဖြုတ်ယူကာ ကလေးအလောင်းအား ဖျောက်ဖျက်ခဲ့တဲ့ အမျိုးသားကို ဇူလိုင် ၆ ရက် မနက်ပိုင်းမှာ ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ ရဲတွေက ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။
ရဲတပ်ဖွဲ့နဲ့နီး စပ်သူတယောက်က “မသင်္ကာလို့ စစ်ဆေးရာကနေ ဖမ်းမိခဲ့တာ။ နတ်တလင်းမြို့ ဗိုလ်ချုပ်လမ်းပေါ်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှာ တွေ့ရှိဖမ်းဆီးခဲ့တာ။ ကင်းလှည့်ရင်း ဖမ်းဆီးရမိတာ” လို့ ပြောပါတယ်။
ကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်၊ နားကပ်ဖြုတ်ယူ အလောင်းဖျောက်ဖျက်တဲ့ အမျိုးသားဟာ အသက် ၃၃ နှစ်အရွယ် ရဲဝင်းပိုင် ဆိုသူဖြစ်ပြီး ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ ခနွဲခဖိုကျေးရွာအုပ်စုမှာ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်အရ ရဲဝင်းပိုင်ဟာ ရန်ကုန်၊ ထန်းတပင်မြို့နယ်၊ တူးချောင်းကျေးရွာက ကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်ပြီး နားကပ်ဆွဲဖြုတ်ယူကာ အလောင်းကိုစောင်နဲ့ပတ် စွန့်ပစ်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသူ ဖြစ်တယ်ဆိုတာကို ဝန်ခံထားတယ်လို့ ဆိုပါတယ်။
ကျူးလွန်သူ အမျိုးသားကို လတ်တလော ပဲခူးတိုင်း၊ နတ်တလင်းမြို့မ ရဲစခန်းအချုပ်မှာ ချုပ်နှောင်ထားပြီး ရန်ကုန်တိုင်း စစ်အာဏာရှင် ရဲတပ်ဖွဲ့နဲ့ ဆက်သွယ်ကာ လွှဲပြောင်းရေးနဲ့ ဥပဒေလုပ်ငန်းစဉ်တွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ထန်းတပင်မြို့နယ်က မိသားစုနဲ့နီးစပ်သူတယောက်က “တူးချောင်းကျေးရွာ၊ ကံမြင့်လမ်းအနီးက စောင်နဲ့ပတ်ထားတဲ့ အထုပ်အတွင်း ကလေးငယ်ရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တဲ့ဖြစ်စဉ်က ကျူးလွန်သူကို ဖမ်းမိပြီလို့ သိရတယ်။ အဓမ္မပြုကျင့်၊ နားကပ်ဖြုတ်ယူ သတ်ဖြတ်ခဲ့တဲ့ အမှုက ကျူးလွန်သူလေ” လို့ ပြောပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်လို့ ထန်းတပင်မြို့နယ်၊ တက်သစ်နယ် မြေရဲစခန်းမှာ ကနဦး(ပ) ၈၄/၂၀၂၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ /၃၉၂၊ လူသတ်မှုနဲ့ လုယက်မှုတို့နဲ့ အမှုဖွင့်ထားပြီး တခြားဆက်စပ် အခြေအနေတွေကို ဆက်လက် စစ်ဆေးနေတယ်လို့ သိရပါတယ်။










