
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အသက်ထင်ရှား ရှိနေသေးတယ်ဆိုတဲ့ သက်ပြပေးဖို့ သားငယ်ဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက စစ်အာဏာရှင်ကို တောင်းဆိုလိုက်ပြီး မိခင်နဲ့ တိုက်ရိုက် စကားပြောခွင့်ရတာဟာ အကောင်းဆုံး သက်သေပဲလို့ ပြောကြားလိုက်ပါတယ်။
နေပြည်တော်မှာ စစ်အာဏာရှင်ရဲ့ အကျဉ်းချတာခံနေရတဲ့ လူထုခေါင်းဆောင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်ဆုံးအခြေအနေနဲ့ မိခင်ဖြစ်သူ လွတ်မြောက်ရေး နဲ့ပတ်သက်လို့ DVB အင်္ဂလိပ်ပိုင်း အယ်ဒီတာ အဒမ်က ကင်မ်အဲရစ်ကို ဆက်သွယ်မေးမြန်းရာမှာ ပြောကြားလိုက်တာပါ။
(မေးမြန်းချက် အပြည့်အစုံ)
မေး - ကင်မ်ရေ... ခင်ဗျားရဲ့ မိခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး သတင်းတခုခု ကြားရနိုးနဲ့ မျှော်လင့်နေမယ်ဆိုတာ ကျနော် သိပါတယ်။ အခု ခင်ဗျားရဲ့ အမြင်လေးတွေကို ကျနော်တို့ကို နည်းနည်းလောက် ပြောပြပေးလို့ ရမလားခင်ဗျ။ ကျနော်တို့ သိရသလောက်ကတော့ ရိုက်တာသတင်းဌာနက ဖော်ပြချက်အရ ရှေ့နေတယောက်က ပြောတယ်ဆိုပြီး မိခင်ဖြစ်သူရဲ့ ထောင်ဒဏ်ကို ၆ ပုံ ၁ ပုံ လျှော့ပေါ့ပေးလိုက်တယ်လို့ သိရပါတယ်။ ဒီသတင်းကို တခြား ဘယ်သူ့ဆီကဖြစ်ဖြစ် ကြားမိတာမျိုး ရှိပါသလား။ ဒီလိုဖြစ်သွားတာကို တခြားဘယ်သူတွေ သိသေးလဲခင်ဗျ။
ဖြေ - “ကျနော်လည်း အဲဒီလောက်ပဲ ကြားထားတာပါ။ မေမေ့ကို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့မယ်၊ ဒါမှမဟုတ် လွှတ်ပေးနိုင်ခြေ ရှိတယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်နေပေမဲ့ ဘာတခုမှ တကယ်ဖြစ်မလာသေးပါဘူး။ သမ္မတ ဦးဝင်းမြင့် လွတ်မြောက်လာတာကို ကြည့်ပြီး မေမေ့အတွက်လည်း မျှော်လင့်ချက် ရှိခဲ့ပေမဲ့ အဲဒီသတင်းတွေ အားလုံးက ဘာမှဖြစ်မလာခဲ့ပါဘူး။”
မေး - ၂၀၂၃ တုန်းကလည်း ထောင်ဒဏ် ၃၃ နှစ်ကနေ ၂၇ နှစ်အထိ တစိတ်တပိုင်း လွတ်ငြိမ်းချမ်းသာခွင့် ရခဲ့တယ်လို့ သိထားပါတယ်။ အခု ၆ ပုံ ၁ ပုံ (နောက်ထပ် ၄ နှစ်လောက်) ထပ်လျှော့လိုက်တာက တကယ်ပဲ အဓိပ္ပာယ်ရှိရဲ့လားခင်ဗျ။
ဖြေ - “လုံးဝ အဓိပ္ပာယ်မရှိပါဘူး။ ဒီပြစ်ဒဏ်အတိုင်းသာ ဆက်သွားရင် သူ အသက် ၁၀၀ ကျော်မှ လွတ်မှာပါ။ အခုအချိန်ထိလည်း သူ့ကို ဘယ်မှာထားထားလဲဆိုတာ ကျနော် မသိရသေးပါဘူး။ သူ့ရဲ့ ကျန်းမာရေးအခြေအနေလည်း ဘာမှမသိရဘူး။ ကျနော် အလိုအပ်ဆုံးက သူ အသက်ထင်ရှား ရှိနေသေးတယ်ဆိုတဲ့ အထောက်အထား တခုခုပါပဲ။”
မေး - ဟုတ်ပါတယ်။ အာဏာသိမ်းပြီးကတည်းကဆိုရင် သူ အထိန်းသိမ်းခံထားရတာ ၅ နှစ်ကျော်သွားပြီနော်။ ဒီ ၅ နှစ်အတွင်းမှာ ခင်ဗျားအနေနဲ့ သူ့ကို စကားပြောခွင့်လည်း မရခဲ့ဘူး။ ရရှိခဲ့တာဆိုလို့ စာတစောင်ပဲ ရှိတယ်လို့ သိရပါတယ်။ အာဏာသိမ်းပြီးကတည်းက မိခင်ဖြစ်သူနဲ့ ဆက်သွယ်လို့ မရတဲ့အပေါ် ဘယ်လို ခံစားရလဲခင်ဗျ။
ဖြေ - “ဒါကတော့ ကျနော့်အတွက် အရမ်းကို စိတ်မကောင်းဖြစ်ရတဲ့ ကိစ္စပါ။ သူ့ရဲ့ အခြေအနေ ဘယ်လိုရှိလဲဆိုတာ လုံးဝ မသိရတော့ဘူးလေ။ ကမ္ဘာကြီးကတော့ သူ့ကို နေအိမ်အကျယ်ချုပ်နဲ့ ထားထားတယ်လို့ ထင်နေကြတာ။ တကယ်တမ်း သူက ထောင်ထဲမှာ အချိန်ကုန်ဆုံးနေရတာပါ။ စစ်တပ်ကလည်း ဒီလိုကိစ္စတွေကို လူတွေ ဝေဝေဝါးဝါးဖြစ်အောင် လုပ်တဲ့နေရာမှာ အရမ်းကျွမ်းကျင်တယ်။ အခုလည်း အဲဒီလိုပဲ ထပ်လုပ်ဖို့ ကြိုးစားနေကြတာပါ။”
မေး - ဟုတ်ပါတယ်။ သမ္မတ ဦးဝင်းမြင့် လွတ်လာပြီဆိုပေမဲ့ သူတို့က သူ့ကို လူသိရှင်ကြား စကားပြောခွင့်ပေးမှာ မဟုတ်သလို မီဒီယာတွေနဲ့လည်း အရေးကြီးတဲ့ကိစ္စတွေ ဆွေးနွေးခွင့်ပေးမှာ မဟုတ်ဘူး။ ကျနော်တို့ သိရသလောက် ဆိုရင်တော့ နေပြည်တော်က သူ့ရဲ့နေအိမ်မှာပဲ စောင့်ကြည့်ခံထားရတဲ့ နေအိမ်အကျယ်ချုပ် ပုံစံမျိုးပါပဲ။ သူ့ရဲ့အခြေအနေနဲ့ ခင်ဗျားမိခင်ရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မြန်မာပြည်သူတွေနဲ့ ကမ္ဘာတဝန်းကို ဘာများပြောချင်ပါသလဲ။
ဖြေ - “မြန်မာပြည်သူတွေကတော့ ဒီလိုအစိုးရသစ်ဆိုတာအောက်မှာ လုပ်မဲ့ ရွေးကောက်ပွဲတွေ ဒါမှမဟုတ် ရှေ့ဆက်မဲ့ ကိစ္စတွေကို လက်ခံမှာ မဟုတ်ဘူး ဆိုတာ ကျနော် သိပါတယ်။ ဘာလို့လဲဆိုတော့ စစ်တပ်က အကွက်ဟောင်းတွေနဲ့ပဲ လှည့်စားနေတုန်းမို့ပါ။ ကမ္ဘာကလည်း ဒါကို သိမြင်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ စိတ်မကောင်းစရာက ကမ္ဘာပေါ်က တချို့သူတွေက စစ်တပ်နဲ့ စီးပွားရေး လုပ်ချင်နေကြပြီး ‘ရွေးကောက်ပွဲတွေ ရှိနေပြီပဲ၊ စီးပွားရေး ဆက်လုပ်လို့ရပြီ’ ဆိုပြီး အကြောင်းပြချက် ပေးချင်နေကြတာပါ။ သူတို့ နားလည်ထားဖို့က သူတို့ စီးပွားရေး လုပ်နေတာ လူလိမ်တစုနဲ့ လုပ်နေတာ ဖြစ်တဲ့အတွက် ဒီလုပ်ငန်းတွေကနေ ကောင်းမွန်တဲ့ ရလဒ်တွေ ထွက်လာမှာ မဟုတ်ဘူး ဆိုတာပါပဲ။”
မေး - အရင်တုန်းက ခင်ဗျားမိခင် နေအိမ်အကျယ်ချုပ် ကျနေစဉ်မှာ အိမ်နီးချင်းနိုင်ငံတွေရော ကမ္ဘာတဝန်းကပါ “သူ ဘယ်မှာလဲ၊ တွေ့ခွင့်ပေးပါ” ဆိုပြီး အမြဲတမ်း တောင်းဆိုခဲ့ကြတယ်။ ဒါပေမဲ့ အခုက ဘယ်နိုင်ငံကမှ အဲဒီလောက်အထိ တက်တက်ကြွကြွ တောင်းဆိုပေးတာမျိုး မတွေ့ရတော့ဘူး။ ဒါကို ခင်ဗျား သတိထားမိသလား၊ ဒါကို ပြောင်းလဲဖို့ ကြိုးစားနေတာ ရှိပါသလား။
ဖြေ - “ဟုတ်ပါတယ်။ ပြီးခဲ့တဲ့ ၅ နှစ်က မြန်မာပြည် အခြေအနေတွေနဲ့ အထူးသဖြင့် မေမေ့ရဲ့ အခြေအနေကို လူတွေ သတိပြုမိနေအောင် ကြိုးစားရတာ တကယ်ကို ခက်ခဲပါတယ်။ ကမ္ဘာပေါ်မှာလည်း ပဋိပက္ခတွေ အများကြီး ဖြစ်နေတာကြောင့် လူတွေ သတိမထားမိတာမျိုးတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ အရင်တုန်းကတော့ လူတွေက မေမေ့ဘက်က ဝိုင်းဝန်း ရပ်တည်ပေးခဲ့ကြပေမဲ့ ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာတော့ အဲဒီလိုမျိုး သိပ်မတွေ့ရတော့ဘူး။ ဒါက တကယ့်ကို ဝမ်းနည်းစရာပါ။ တကယ်တမ်းတော့ လောလောဆယ် ကမ္ဘာကြီးအတွက် မိခင်ရဲ့ ငြိမ်းချမ်းတဲ့ အတွေးအခေါ်တွေက အကျိုးရှိစေနိုင်တာပါ။”
မေး - အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ပတ်သက်ပြီးတော့ရော... သူက ခင်ဗျားမိခင်ကို ဖမ်းဆီးခဲ့သလို မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား ၂၀,၀၀၀ ကျော်လည်း ရှိနေပါတယ်။ အခု သူက ရွေးကောက်ပွဲတွေ လုပ်ပြီး သမ္မတအဖြစ် နေရာယူထားပြီဆိုတော့ ခင်ဗျားအနေနဲ့ မိခင်ဖြစ်သူနဲ့ စကားပြောခွင့်ရဖို့ သူ့ကို တိုက်ရိုက် ဘာများ ပြောချင်ပါသလဲ။
ဖြေ - “မေမေနဲ့ ဆက်သွယ်ခွင့်ပေးဖို့နဲ့ သူ့ရဲ့ အခြေခံ လူ့အခွင့်အရေးတွေကို ခွင့်ပြုပေးဖို့ပဲ ကျနော် တောင်းဆိုပါတယ်။ သူ့ကို လွတ်စေချင်တာကတော့ ဟုတ်တာပေါ့၊ ဒါပေမဲ့ ဒါက တောင်းဆိုတာ များနေတယ် ဆိုရင်တောင် အနည်းဆုံးတော့ သူ့ကို နေအိမ်အကျယ်ချုပ် ပြောင်းပေးပြီး လိုအပ်တဲ့ စောင့်ရှောက်မှုတွေ ပေးစေချင်ပါတယ်။”
မေး - ခင်ဗျား အရင်က DVB အပါအဝင် နိုင်ငံတကာ မီဒီယာတွေကို ပြောခဲ့သလိုပေါ့... ရွေးကောက်ပွဲပြီးရင် သူ့ကို နေအိမ်အကျယ်ချုပ် ပြောင်းပေးမလား ဆိုတာ။ စစ်တပ်ကတော့ သူ နေအိမ်အကျယ်ချုပ် ရောက်နေပြီလို့ ပြောခဲ့ပေမဲ့ ဘာမှ သက်သေမပြနိုင်ဘူး။ သူတို့ဆီကနေ ဘယ်လိုသက်သေမျိုး တောင်းချင်ပါသလဲ။
ဖြေ - “သူနဲ့ တိုက်ရိုက် စကားပြောခွင့်ရတာက ကျနော့်အတွက် အကောင်းဆုံး သက်သေပါပဲ။ အဲဒါ မရရင်တောင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဒါမှမဟုတ် ရန်ကုန်မှာရှိတဲ့ သံတမန် တယောက်ယောက်ကို သူ့ဆီ သွားတွေ့ခွင့်ပေးပြီး သူ အသက်ထင်ရှား ရှိနေသေးတယ်ဆိုတဲ့ သက်သေမျိုး ပြပေးစေချင်ပါတယ်။”
မေး - နောက်ဆုံး သိရတဲ့ သီးခြား အတည်ပြုချက်ကတော့ ရှောင်တာနယ် ဆီကပဲ ရှိတယ်နော်။ အဲဒါက ၅ နှစ်တောင် ရှိသွားပြီ။ သူကလွဲပြီး တခြား တွေ့ခဲ့မြင်ခဲ့တဲ့သူ ရှိသေးလား။
ဖြေ - “ရှောင်တာနယ် ကလွဲရင် သူ့ကို ကိုယ်တိုင်တွေ့ခဲ့တဲ့သူ မရှိပါဘူး။ ကျနော်ရခဲ့တဲ့ ဆက်သွယ်မှုဆိုလို့လည်း ၃ နှစ်နီးပါး ရှိတော့မယ်။ ဒါကြောင့် စစ်တပ်ကပေးတဲ့ အာမခံချက်တွေဆိုတာ ဘာမှ ခိုင်လုံမှု မရှိပါဘူး။ တကယ်လို့ သူ အသက်ရှင်နေပြီး ကျန်းမာတယ်ဆိုရင် ကျနော့်ကို စကားပြောခွင့် ပေးရမှာပေါ့။”
မေး - ဟုတ်ပါတယ်။ ခင်ဗျား သူ့ကို နောက်ဆုံး စကားပြောခဲ့ရတာ အာဏာမသိမ်းခင် ၂၀၂၁ တုန်းကဆိုတော့... အခု စာရတာလည်း ၃ နှစ်နီးပါး ရှိပြီပေါ့။ ခင်ဗျားပေးပို့တဲ့ ပါဆယ်ထုပ်ကို သူ ပြန်စာ ရေးနိုင်ခဲ့တာလေ။ သူ့ရဲ့ ကျန်းမာရေး အခြေအနေကရော အခုဆို ပိုဆိုးနေလောက်ပြီလား။
ဖြေ - “သူက အသက် ၈၀ ရှိပြီလေ။ သူ့ရဲ့ နှလုံးရောဂါ အခြေအနေ ပိုဆိုးလာတယ်လို့ ကြားရသလို တခြား ကျန်းမာရေး ပြဿနာတွေလည်း ရှိနေပါတယ်။ မြန်မာပြည်က ထောင်တွေရဲ့ အခြေအနေကတော့ အားလုံးသိကြတဲ့အတိုင်းပါပဲ နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ သူ လိုအပ်တဲ့ စောင့်ရှောက်မှုတွေ ရနေပါစေလို့ပဲ ဆုတောင်းရပါတယ်။ ဒါပေမဲ့ လုံလောက်တဲ့ ကုသမှုတော့ ရမှာမဟုတ်ဘူးဆိုတာ ကျနော် သိတယ်။ နှလုံးရောဂါဆိုတာ စနစ်တကျ စမ်းသပ်ဖို့ စက်ကိရိယာတွေ လိုပါတယ်။ မြန်မာပြည်က ထောင်ဆရာဝန်တွေက ဒါမျိုးတွေ ပေးနိုင်မှာ မဟုတ်ဘူးလေ။”
မေး - ဟုတ်ပါတယ်၊ အဲဒါ မှန်ပါတယ်။ တကယ်လို့ သူ့ကို နေအိမ်အကျယ်ချုပ် ပြောင်းပေးမယ် ဆိုရင်တောင် ရန်ကုန်ကအိမ်ကို ပြန်ဖို့က ခင်ဗျားရဲ့ ဦးလေးက အိမ်ကိုရောင်းဖို့ ကြိုးစားနေတဲ့ ကိစ္စတွေကြောင့် ခက်ခဲနိုင်မလား။ အိမ်နဲ့ပတ်သက်တဲ့ အခြေအနေကိုရော ဘာများ သိထားလဲခင်ဗျ။
ဖြေ - “လေလံပွဲမှာ ဘယ်သူမှ လာမဝယ်ကြဘူးလို့ သိရပါတယ်။ ဒါကြောင့် မေမေပဲ ပိုင်ဆိုင်နေတုန်းပါပဲ။ ဒါပေမဲ့ စစ်တပ်ကတော့ သူ့ကို သူတို့ရဲ့ အာဏာစက်နဲ့ ဝေးတဲ့ ရန်ကုန်မှာ ထားချင်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်။”
မေး - အရင်တုန်းကတော့ တက္ကသိုလ်ရိပ်သာလမ်းက အိမ်မှာပဲ ထားခဲ့တာလေ။ အခု ဦးဝင်းမြင့်ကို နေပြည်တော်မှာ ထားသလိုမျိုး သူ့ကိုလည်း သူတို့နဲ့ နီးနီးနားနားမှာပဲ ထားမယ်လို့ ထင်ပါသလား။
ဖြေ - “အဲဒီလိုပဲ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။”
မေး - ဒါဟာ သူ လူသိရှင်ကြား စကားပြောမှာကို စိုးရိမ်လို့လား၊ ဒါမှမဟုတ် ပြီးခဲ့တဲ့ ၅ နှစ်အတွင်းက အကြောင်းတွေကို သူ ပြောထွက်သွားမှာ ကြောက်လို့လား။
ဖြေ - “အဲဒါလည်း ပါမှာပေါ့။ နောက်ပြီး နေပြည်တော်က ရှေ့တန်းနဲ့လည်းနီးတော့ သူ့ကို သူတို့အနားမှာ ထားတာက သူတို့အတွက် တခုခု အသုံးချလို့ ရနိုင်တယ်လို့ တွက်ပုံရပါတယ်။”
မေး - ဆိုလိုတာက သူ့ကို တချိန်ချိန်မှာ အပေးအယူလုပ်ဖို့ ဓားစာခံ (Bargaining chip) အဖြစ် သုံးမယ်လို့ မြင်တာလား။
ဖြေ - “သေချာတာပေါ့။ သူတို့မှာ ကိုယ်ပိုင်အစီအစဉ်တွေ ရှိမှာပါ။ ဘာလဲဆိုတာတော့ ကျနော် မပြောနိုင်ပေမဲ့ အခု သူတို့က အာဏာရနေပြီဆိုတော့ မေမေ့ကို နေအိမ်အကျယ်ချုပ် ပြောင်းပေးဖို့က ကြောက်နေစရာ မလိုတော့ဘူးလို့ ထင်ပါတယ်။ အဲဒီလို လုပ်ပေးလိုက်တာက လူတွေကို နည်းနည်းတော့ စိတ်ပြေလျော့သွားစေနိုင်ပါတယ်။ မြန်မာပြည်က သွေးထွက်သံယိုမှုတွေ ရပ်တန့်ဖို့အတွက် နောက်ပိုင်းမှာ ညှိနှိုင်းဆွေးနွေးပွဲတွေ ပေါ်ပေါက်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”
မေး - ဟုတ်ကဲ့ပါ။ တခြား ဘာများ ဖြည့်စွက်ပြောချင်ပါသလဲ။ မိခင် အသက်ထင်ရှား ရှိနေကြောင်း သက်သေပြဖို့ ထပ်ပြီး တောင်းဆိုချင်ပါသလား။
ဖြေ - “ဟုတ်ကဲ့။ မိခင်နဲ့ စကားပြောခွင့်ပေးဖို့၊ သူ အသက်ရှင်နေကြောင်း သက်သေပြဖို့နဲ့ သူ့ရဲ့ အခြေခံလူ့အခွင့်အရေးတွေကို လေးစားပေးဖို့ပဲ ထပ်ပြီး တောင်းဆိုချင်ပါတယ်။”
မေး - ကောင်းပါပြီ ကင်မ်။ အချိန်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ မကြာခင်မှာ သတင်းကောင်းလေးတွေ ကြားရဖို့ ကျနော် မျှော်လင့်ပါတယ်။
ဖြေ - “ကျေးဇူးပါ အဒမ် ။”
မေး - ဟုတ်ကဲ့၊ အားလုံး အဆင်ပြေပါစေ။ ကျနော်တို့ ဆက်သွယ်နေမှာပါ။ ခင်ဗျားကို အရမ်း အနှောင့်အယှက် မပေးချင်ပေမဲ့ အခုလို အင်တာဗျူးတိုလေးတွေ လုပ်ခွင့်ရတာကို DVB အနေနဲ့ ကျေးဇူးတင်ပါတယ်။
ဖြေ - “ရပါတယ်။ ကောင်းသောညချမ်း ဖြစ်ပါစေ။”











