
တောင်အာဖရိကနိုင်ငံ၊ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့အရှေ့ပိုင်းရှိ ကလိဗ်လန်းဆင်ခြေဖုံးအရပ်က တရားမဝင် လူနေရပ်ကွက်တခုမှာ ဇွန် ၉ ရက် ညပိုင်းက သေနတ်သမားတွေ ဝင်ရောက်ပစ်ခတ်ခဲ့လို့ အနည်းဆုံး ၁၂ ယောက် သေဆုံးပြီး ၉ ယောက် ဒဏ်ရာရသွားတယ်လို့ ရဲတပ်ဖွဲ့က ဇွန် ၁၀ ရက် မှာပြောပါတယ်။
ဂျမ်ပ့ါးစ် တရားမဝင် လူနေရပ်ကွက်မှာ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် သံသယရှိသူ ၁၀ ယောက် ထက်မနည်းကို လိုက်ဖမ်းဆီးနေတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန် ပါတယ်။
သံသယရှိသူတွေဟာ အဖြူရောင် တိုယိုတာ ကွမ်တမ် အမျိုးအစား ကားတစီးနဲ့ ရောက်လာပြီး လူနေရပ်ကွက်ထဲကို ဝင်ပေါက် ၂ ခုကနေ ဝင်ရောက်ကာ နေရာအတော်များများမှာ သေနတ်နဲ့ ရမ်းသမ်း ပစ်ခတ်ခဲ့ကြပါတယ်။
အဲဒီနောက်မှာတော့ စီးလာခဲ့တဲ့ကားနဲ့ပဲ ပြန်မောင်းပြေးသွားခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့က ပြောပြပါတယ်။ ဘာကြောင့် တိုက်ခိုက်ခဲ့လဲဆိုတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။
ဒေသစံတော်ချိန် ည ၁၁ နာရီ ၁၀ မိနစ် ဝန်းကျင်မှာ ဖြစ်ပွားခဲ့ပြီးနောက်မှာ ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာ နေရာကို ရောက်ခဲ့တယ် လို့ ဂေါက်တန်ခရိုင် ရဲမင်းကြီး တွမ်မီ အွမ်သွမ်ဘန်နီး က ပြောပါတယ်။
"လောလောဆယ်တော့ ဒီဖြစ်စဉ်ဟာ တရားမဝင် သတ္တုတူးဖော်ရေး ကိစ္စကြောင့် ဖြစ်ပွားခဲ့တယ် ဆိုတာကို အတည်ပြုလို့ မရသေးပါဘူး" လို့လည်း ဆိုပါတယ်။
တောင်အာဖရိကနိုင်ငံဟာ တရက်ကို ပျမ်းမျှ လူသတ်မှု ၆၀ ဝန်းကျင်အထိ ရှိနေပြီး ကမ္ဘာပေါ်မှာ လူသတ်မှုနှုန်း အမြင့်မားဆုံးနိုင်ငံတွေထဲက တနိုင်ငံ ဖြစ်ပါတယ်။
Source:Reuters










