
ကရင်နီနဲ့ ကယန်းဒေသမှာ ဧပြီတလအတွင်း စစ်တပ်က တိုက်ခိုက်လို့ ဒေသခံနဲ့ စစ်ဘေး ရှောင်ပြည်သူ ၆ ယောက် သေဆုံးခဲ့ရတယ်လို တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က မေ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
နန်းမယ်ခုံမြို့ဘက်ကို စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ပြီး စစ်ကြောင်း ထိုးတဲ့ အချိန် ဒေသခံနဲ့ စစ်ရှောင်ပြည်သူတွေ သေဆုံးရတာဖြစ်တယ်လို့ သိရပါတယ်။
ဖြစ်စဉ်ကိုသိသူတယောက်က “နန်းမယ်ခုံဘက်မှာ ဒရုန်းတွေ၊ လက်နက်ကြီးတွေကြောင့် သေဆုံးသူ ၅ ဦး ရှိတယ်။ နောက်ပြီး ဖရူဆိုဘက်မှာလည်း ဒရုန်းကြောင့် ၁ ယောက် သေဆုံးတာ လည်း တွေ့ရပါတယ်” လို့ ပြောပါတယ်။
ကရင်နီပြည်ထဲကို စစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့် တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့ တိုက်ပွဲလည်း မကြာခဏ ဖြစ်ပွားနေပါတယ်။
စစ်တပ်လက်ချက်ကြောင့် ကရင်နီနဲ့ ကယန်းဒေသမှာ ၅ နှစ်ကျော်ကာလအတွင်း ပြည်သူ အယောက် ၈၇၀ အထိ သေဆုံးခဲ့ရပြီး နေအိမ်ပေါင်း ၃,၃၀၆ လုံး၊ ဘာသာရေးအဆောက်အအုံ ၆၇ လုံး၊ စာသင်ကျောင်း ၃၃ ကျောင်း၊ ဆေးရုံ ဆေးခန်း ၁၉ ခု ထိခိုက်ပျက်စီးခဲ့ရတယ်လို PKPF ရဲ့ မှတ်တမ်းအရ သိရပါတယ်။
၅ နှစ်ကျော်အတွင်း တိုက်ပွဲပေါင်း ၁,၅၈၄ ကြိမ်၊ လေကြောင်းတိုက်ခိုက်မှုပေါင်း ၂,၁၄၈ ကြိမ် ရှိခဲ့ပြီး စစ်တပ်ဘက်က ၄,၁၁၈ ယောက် သေဆုံးခဲ့သလို တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ် ၄ စင်း ကိုလည်း ဖျက်ချနိုင်ခဲ့တယ်လို့ သိရပါတယ်။










