
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် မင်းလက်ပံရွာအနီးနဲ့ ဖလူးကြီးရွာအနီးမှာ စစ်အာဏာရှင်တပ်ရဲ့ ထိုးစစ်ဆင်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့ဘက်က ခုခံပစ်ခတ်ခဲ့တာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
အဲဒီတိုက်ပွဲအတွင်းမှာ စစ်တပ်ဘက်ကနေ လက်နက်ငယ်တွေနဲ့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်၊ မဲ့ကော့ကင်းရွာဘက်ကို မျက်နှာမူပြီး ပစ်ခတ်ခဲ့တာကြောင့် ဇူလိုင် ၁ ရက် မနက်ပိုင်းမှာ အိမ်၊ ကားနဲ့ အဝတ်လျှော်စက်တွေ ထိမှန်ပျက်စီးခဲ့တယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။
ဒေသခံ ထိုင်းပြည်သူတွေကလည်း စစ်တပ်ရဲ့ ကျည်စတွေ မထိမှန်အောင် သေနတ်သံကြားတာနဲ့ အိမ်ထဲကို ဝင်ပြေးတာ၊ သစ်ပင်အကာအကွယ်ယူပြီး တိမ်းရှောင်ခဲ့ရပါတယ်။ အထူးသဖြင့် ကျောင်းသားလူငယ်တွေအတွက် ပိုပြီး သတိထားနေရတဲ့ အခြေအနေ ဖြစ်နေပါတယ်။
လက်ရှိမှာတော့ ထိုင်းစစ်တပ်ဘက်ကလည်း နယ်စပ် သောင်ရင်းမြစ်အနီးမှာ လုံခြုံရေး တင်းကျပ်ထားပါတယ်။
မြန်မာနိုင်ငံဘက်မှာ တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း ထိုင်းနိုင်ငံဘက်ကို လက်နက်ကြီး ကျရောက်ပေါက်ကွဲမယ် ဆိုရင်တော့ ထိုင်းစစ်တပ်ဘက်ကနေ လက်နက်ကြီးနဲ့ သတိပေးတဲ့အနေနဲ့ ပြန်လည်တုံ့ပြန်ဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။











