
မင်းအောင်လှိုင်သည် ၎င်းကိုယ်တိုင် ရွေးချယ်ပြီး မဲပုံးထောင်ကာ လွှတ်တော်ထဲ ခေါ်သွင်းပေးလာသည့် လူများရှေ့တွင် ပြောဆိုနေသည်များက ပြီးခဲ့သည့် ၅ နှစ်အတွင်းက မင်းအောင်လှိုင်သည် ၎င်းမဟုတ်ကြောင်း ငြင်းဆိုနေသကဲ့သို့ ဖြစ်လာနေသည်ကို တအံ့တဩ တွေ့လာရသည်။
စိုးဝင်းအား ဘေးဖယ်ထုတ်လိုက်သည်မှအပ မည်သို့မျှလည်း မထူးခြား၊ ဘာတခုမှလည်း တိုးတက်မလာ၊ ဒီမိုကရေစီ အမည်ခံပြီး လူထုက ရွေးချယ်တင်မြှောက်လေဟန် လှည့်စားပြီး အားလုံးက လက်ခံလာမည်ဟု ယူဆနေပြန်သည်။
လက်ရှိ ထွက်ပေါ်လာသော ရာထူး ခန့်အပ်မှုများတွင် လွှတ်တော်ဥက္ကဋ္ဌ ရာထူများမှသည် နောက်ဆုံး "အတိုင်ပင်ခံကောင်စီ" တွင် ကိုကိုကြီးက အစ ထည့်သွင်းလာခြင်းတို့ အားလုံးသည် မင်းအောင်လှိုင် သမ္မတတု မဖြစ်ခင်ကတည်းက ၎င်းကိုယ်တိုင် စီမံလာသည့် အခင်းအကျင်း ဖြစ်သည်ကို တတိုင်းပြည်လုံး သိထားကြပြီး ဖြစ်သည်။
မင်းအောင်လှိုင်၏ လုပ်ရပ်များ၊ ပြောဆိုချက်များနှင့် ပတ်သက်၍ "လူတကိုယ် စိတ်နှစ်မျိုး" ဖြစ်နေသလားဆိုသည့် အချက်ကို နိုင်ငံရေးလေ့လာသူများ၊ စိတ်ပညာရှုထောင့်မှ ကြည့်မြင်သူများနှင့် ပြည်သူများကြားတွင် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးလာကြသည်။
မင်းအောင်လှိုင်သည် လိုအပ်လျင် လိုအပ်သလို မိမိအာဏာ တည်မြဲရေးအတွက် ပြောင်းလဲပြောဆိုတတ်သည့် ဝါဒဖြန့်ချိရေး ပုံစံဟု သုံးသပ်သူများ ရှိလာသလို စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်များပြည့်နှက်နေသူတဦးအဖြစ်လည်း စိတ်ပညာရှင်များဘက်က သုံးသပ်လာကြသည်။
၎င်း၏ လူသိရှင်ကြား ပြောဆိုချက်များသည် လက်တွေ့မြေပြင်တွင် ဖြစ်ပျက်နေသည်များနှင့် ဆန့်ကျင်ဘက် ဖြစ်နေတတ်သည်ကို တွေ့ နေရသည်။
“စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ"ကို သွားမည်ဟု ဈေးဗန်းခင်းလေ့ရှိသော်လည်း ဒီမိုကရေစီနည်းကျ ရွေးကောက်ထားသော အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့သူ ဆိုသည့် အချက်က မည်သို့မျှ ဖုံးကွယ်ထား၍မရ ဖြစ်နေသည်။
"ထာဝရငြိမ်းချမ်းရေး" အတွက် ဖိတ်ခေါ်နေသည်ဟု ဆိုသော်လည်း တိုင်းရင်းသားဒေသများနှင့် ပြည်မဒေသများတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် အကြီးအကျယ် မီးလောင်တိုက်သွင်းနေခြင်း ကို အားလုံးမြင်တွေ့နေရပါလျက် ထိုသို့ ပါးစပ်က တဖွဖွ ပြောနေခြင်းသည် စိတ်နှစ်ခွဖြစ်မှုကို ပြနေသည်။
နိုင်ငံရေးနှင့် စစ်ရေးကျွမ်းကျင်သူအချို့က မင်းအောင်လှိုင်သည် "Cognitive Dissonance" (သိမြင်မှုဆိုင်ရာ ရှေ့နောက်မညီညွတ်မှု) ကို ခံစားနေရခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်ကြသည်။ မိမိကိုယ်ကိုယ် "နိုင်ငံတော်ကို ကယ်တင်နေသူ" ဟု ယုံကြည်အောင် ကြိုးစားနေသော်လည်း၊ ပတ်ဝန်းကျင် တုံ့ပြန်မှုနှင့် မြေပြင်အခြေအနေများက "နိုင်ငံကို ဖျက်ဆီးနေသူ" ဟု ပြသနေသည့်အခါ ထိုနှစ်ခုအကြား ကြီးမားသောကွာဟချက်ကို ဖုံးကွယ်ရန်အတွက် ဟန်ဆောင်ကောင်းသည့် စိတ်အနေအထားမျိုး ဖြစ်ပေါ်လာတတ်သည်။
ပြောနေသည့် စကားများတွင် ယခင်က လုပ်ရပ်များထဲမှ အသေးအမွှားကိုပင် မှားခဲ့သည်များ ရှိပါသည်ဟုဝန်ခံပြောဆိုဖို့ဝေးစွ မိမိကိုယ်ကိုယ် အမြဲတမ်း မှန်ကန်နေသည်ဟု ဖော်ပြလေ့ရှိခြင်းမှာ "God Complex" (မိမိကိုယ်ကိုယ် အရာရာတတ်နိုင်သည်ဟု ထင်မှတ်ခြင်း) လက္ခဏာရပ်များလည်း တွေ့မြင်ရသည်ဟု ဆိုကြသည်။
အထူးသဖြင့် ၎င်း၏ပုံရိပ်ကို ဘာသာရေးကိုင်းရှိုင်းသူ၊ စေတီပုထိုးများ တည်ထားသူအဖြစ် ပုံဖော်လေ့ရှိသော်လည်း၊ တဖက်တွင် လူသားချင်းစာနာမှု ကင်းမဲ့စွာဖြင့် အပြစ်မဲ့အရပ်သားများ သေကျေနိုင်သည့် စစ်ဆင်ရေးများကို ခွင့်ပြုနေခြင်းက ပုဂ္ဂိုလ်ရေးဆိုင်ရာ ဝိရောဓိတခု ဖြစ်လာ၍ လူအများအတွက် "လူတကိုယ် စိတ်နှစ်မျိုး" ဟု မြင်စေသည့် အချက်ဖြစ်သည်။
အာဆီယံ နှင့် ပုံမှန် ဆက်ဆံရေး ပြန်လည်တည်ဆောက်မည်ဟု (ဆိုလိုသည်က ၎င်းအား အသိအမှတ်ပြုပြီး အစည်းအဝေး တက်ခွင့်ရရန်) ပြောဆိုနေသော်လည်း အာဆီယံ ဘုံသဘောတူညီချက်များကို ၎င်းကိုယ်တိုင် လက်မှတ်ထိုးခဲ့သော်လည်း လက်တွေ့တွင် တချက် တလေမျှ လိုက်နာခြင်း မရှိခဲ့သည်မှာလည်း သူ၏ "စကားတမျိုး၊ အလုပ်တမျိုး" စရိုက်ကို ထင်ရှားစေသည်။
ယခုအခါတွင် မင်းအောင်လှိုင်သည် ထိုသို့ အလိမ်အညာများ တလျှောက်လုံး ပြောဆိုလာရ၍ ၎င်းကိုယ်တိုင် ဖန်တီးထားသည့် "အမှန်တရားအတု" Alternate Reality ထဲတွင် ပိတ်မိနေပြီး ထိုအလိမ်အညာများနှင့် ကင်းလွတ်စေသည့် မည်သည့် အကြောင်းအရာကိုမျှ လက်ခံလိုစိတ် မရှိတော့ပေ။
ဤသို့ဖြင့် ၎င်း၏ စကားများသည် ပြည်သူများအတွက် ယုံကြည်မှု ကင်းမဲ့စရာ ဖြစ်နေရုံသာမက နိုင်ငံအတွက်လည်း ရှေ့လျှောက် မတည်ငြိမ်မှုများကို တိုး၍သာ ဖြစ်လာစရာ ရှိသည့် ကြီးမားသော အန္တရာယ် နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။
တိုင်းပြည်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင်များကို ထိုသို့သော စိတ်ဝေဒနာ ရှင်တဦးက ဆက်၍ ချုပ်ကိုင်သွားခွင့်ရနေသော ကြောင့်ပင် ဖြစ်သည်။
ပြည်သူများအဖို့က ၎င်းတို့၏ စားဝတ်နေရေး လူနေမှုဘဝများကို ခြိမ်းခြောက်လာတော့မည့် အန္တရာယ်ကြီးကို စည်းလုံးညီညွတ်ကြမှသာ အမြန်ဆုံး ဖယ်ရှားနိုင်ရန် အရေးတကြီး လိုအပ်နေပြီ ဖြစ်သည်။










