
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ ငဝန်ရေကာတာ ကျိုးပေါက်မှုကြောင့် စာသင်ကျောင်းတွေထဲ ရေဝင်နစ်မြုပ်လာလို့ အခြေခံပညာ စာသင်ကျောင်း ၇၀ ကျော်အထိ ပိတ်ထားရတယ်လို့ ပညာရေးဝန်ထမ်းတွေဆီက သိရပါတယ်။
ရက်ဆက်မိုးရွာသွန်းတာကြောင့် ဇူလိုင် ၃၁ ရက်က လေးမျက်နှာမြို့နယ်၊ ဂျမ်းကုန်းကျေးရွာအနီးရှိ ငဝန်ရေကာတာ ကျိုးပေါက်မှုကြောင့် ရေကြီးရေလျှံကာ စာသင်ကျောင်းတွေထဲ ရေဝင်ရောက်လာလို့ အထက်တန်းကျောင်းတွေ အပါအဝင် စာသင်ကျောင်း ၇၄ ကျောင်းကို သြဂုတ် ၁ ရက်က စတင်ပိတ်ထားရတယ်လို့ ဆိုပါတယ်။
ပညာရေးမှူးရုံးနဲ့ နီးစပ်သူက “စာသင်ကျောင်းတွေက ငဝန် တာကျိုးပေါက်တဲ့ ဒဏ်ကြောင့် ရေတွေ ဝင်ရောက်လာလို့ ပိတ်ထားရတာ။ လေးမျက်နှာမြို့နယ်ထဲက ကျောင်းတွေပါ။ သင်ကြားရေးလုပ်ငန်းတွေ ဆက်လုပ်လို့ကိုမရလို့ ပိတ်ရတာ” လို့ ပြောပါတယ်။
ငဝန်ရေကာတာ ကျိုးပေါက်တာကြောင့် စာသင်ကျောင်းတွေ ပိတ်ထားမဲ့ရက်အတွင်း ကလေးတွေအတွက် သင်ခန်းစာတွေ နောက်မကျစေဖို့ အစားထိုးသင်ကြားတဲ့စနစ် လုပ်ဆောင်ကာ ပြန်လည်ဖွင့်လှစ်သင်ကြားသွားမယ်လို့ သိရပါတယ်။
လေးမျက်နှာမြို့နယ်က ဒေသခံ အရပ်သားတယောက်က “ရေက တအားကိုဝင်နေတာ ကျောင်းတွေထဲ။ ကျောင်းတွေ ပိတ်တာ ကောင်းပါတယ်။ အန္တရာယ်ကင်းတာပေါ့။ တချို့စာသင်ကျောင်းတွေဆို လုံးဝကို မြုပ်သွားတာ။ ပိတ်ရတဲ့ကျောင်းတွေ မနည်းဘူး” လို့ ပြောပါတယ်။
လေးမျက်နှာမြို့နယ်မှာ ငဝန်ရေကာတာ ကျိုးပေါက်မှုကြောင့် စာသင်ကျောင်းတွေ ပိတ်လိုက်ရတဲ့အပြင် သြဂုတ် ၁ ရက် ညနေအထိ ရေဘေးဒုက္ခသည် ၇,၀၀၀ ကျော်ကို အရေးပေါ် ပြောင်းရွှေ့ထားရပါတယ်။
ဧရာဝတီတိုင်း၊ အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အများစုမှာ ဩဂုတ် ၁ ရက်ကနေ ၅ ရက်အတွင်း မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဩဂုတ် ၁ ရက်၊ မနက် ၈ နာရီအချိန်က ထုတ်ပြန်ပါတယ်။
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားအသင့်အတင့်ကနေ အားကောင်းနေတာ၊ မိုးတိမ်တောင်တွေ ဖြစ်ထွန်းမှု အားကောင်းနေတာတွေကြောင့် အခုလို မိုးကြီးနိုင်တာလို့ ဆိုပါတယ်။
ဩဂုတ် ၁ ရက်၊ မနက်ပိုင်းကနေ ဩဂုတ် ၅ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး တချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ခန့်မှန်း ပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ ရုတ်တရက် ရေကြီးတာ နဲ့ မြေပြိုတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တဲ့အတွက် ကုန်းမြင့်ဒေသတွေအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်နဲ့ မြစ်ငယ်၊ ချောင်းငယ်တွေအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ ရေကြီးရေလျှံတာတွေကို ကြိုတင်သတိပြုဖို့ တိုက်တွန်းပါတယ်။
ဒါ့အပြင် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့လည်း ကြိုတင်သတိပြုနိုင်ဖို့ အသိပေး နှိုးဆော်ထားပါတယ်။










