
ပုဂံဘုရားတွေအပေါ် တက်ရောက်ပြီး နေဝင်နေထွက် ကြည့်ရှုနေမှုတွေဟာ ရေရှည်အတွက် မသင့်တော်တဲ့အတွက် တချိန်မှာ ပိတ်ပင်ရမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“ပုဂံဒေသရဲ့ နေဝင်နေထွက်မြင်ကွင်းတွေက တခြားဒေသတွေနဲ့ မတူဘူး။ ထူးခြားပြီး အရမ်းလှ ပါတယ်။ ကျမ နေဝင်နေထွက်မြင်ကွင်းတွေ အများကြီးကြုံခဲ့ဘူးပါတယ်။ ပုဂံရဲ့ နေဝင်နေထွက်ကိုတော့ မမှီပါဘူး။ ဒါပေမယ့် ခရီးသွားဧည့်သည်တွေဟာ စေတီတွေပေါ်တက်ပြီး နေဝင်နေထွက်ရှုခင်း တွေ ကြည့်နေတာဟာ ရှေးဟောင်းအမွေအနှစ်တွေကို ထိခိုက်စေတဲ့အတွက် ရေရှည်တွက် မသင့်တော်လို့ နောင်မှာ ပိတ်ပင်ရမယ်။ တခြားနေရာတွေမှာ အစားထိုးစီစဉ်ပေးဖို့လိုတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ငလျှင်ကြောင့် ထိခိုက်ခဲ့တဲ့ စေတီတွေ ပြုပြင်မှုအခြေအနေနဲ့ပတ်သတ်ပြီး သာသနာရေးနဲ့ ယာဉ်ကျေးမှုဝန်ကြီးဌာနက ရှင်းလင်းတင်ပြမှုအပြီးမှာ ပြောဆိုခဲ့တာပါ။
ဒါ့အပြင် ဝန်ကြီးဌာနက လုပ်ဆောင်နေတဲ့ ပုဂံဒေသ ယာဉ်ကျေးမှုဇုန် သတ်မှတ်ချတ်ကိုလည်း အများပြည်သူ သိရှိအောင် ပွင့်လင်းမြင်သာစွာ ချပြပြီး အများပြည်သူ့ သဘောထားနဲ့ သတ်မှတ်ဖို့ ပြောဆိုခဲ့ပါတယ်။
သတင်း - အောင်ဆန်းဦး










