
ရှမ်းပြည်နယ်တောင်ပိုင်း အေးသာယာမြို့မှာ လူငယ်တယောက်ကို စစ်မှုထမ်းခိုင်းဖို့ဆိုပြီး အဓမ္မ ဖမ်းဆီးရိုက်နှက်ခေါ်ဆောင်သွားခဲ့တဲ့ အမျိုးသား ၃ ယောက်ကို တောင်ကြီးမြို့မှာ ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
မေ ၁၀ ရက် ညနေပိုင်းက အေးသာယာမြို့နေ ကိုဒိန်းဒေါင်ဟာ အလုပ်ကိစ္စနဲ့ အေးသာယာ ဆည်ဘောင်ဘက်ကို သွားရောက်ခဲ့ချိန် အမျိုးသား ၃ ယောက်က ကားနဲ့ရောက်လာပြီး ဖမ်းဆီး ခေါ်ဆောင်သွားတာဖြစ်ပါတယ်။
အဲဒီနောက် ကိုဒိန်းဒေါင်ကို ကားပေါ်မှာ လက်ထိပ်ခတ်ပြီး ခြေထောက်တွေကို သံကြိုးနဲ့တုပ်ထားကာ ဟိုပုံးနဲ့ လွိုင်လင်မြို့ကြား လူသူမရှိတဲ့ တောအတွင်းကို ခေါ်သွားခဲ့ပါတယ်။ အဲဒီမှာ “စစ်တပ်ထဲ ရောင်းစားမယ်” လို့ပြောပြီး ရာဘာတုတ်နဲ့ ရိုက်နှက်တာ၊ လက်သီးနဲ့ ထိုးကြိတ်တာတွေလုပ်ခဲ့ တယ်လို့ သိရပါတယ်။
မြို့ခံတယောက်က “ဝိုင်းရိုက်ခံရလို့ ရှေ့သွား ၄ ချောင်းကျိုးသွားပြီး ကိုယ်ခန္ဓာအနှံ့ ညိုမဲဒဏ်ရာတွေ ရခဲ့တယ်။ ဖြစ်စဉ်က တော်တော်ကြမ်းတမ်းပြီး ကြောက်စရာကောင်းတယ်” လို့ ပြောပါတယ်။
နောက်ပိုင်းမှာ ကိုဒိန်းဒေါင်ကို အေးသာယာရဲစခန်း ပြန်ပို့မယ်လို့ဆိုပြီး တောင်ကြီးဘက်ကို ပြန်ခေါ်လာချိန် တောင်ကြီးမြို့အထွက် စစ်ဆေးရေးဂိတ်အရောက်မှာ ကိုဒိန်းဒေါင်က လုံခြုံရေး တပ်ဖွဲ့တွေကို အော်ဟစ်အကူအညီတောင်းခံနိုင်ခဲ့တာကြောင့် ကျူးလွန်သူ ၃ ယောက်ကို ဖမ်းဆီး နိုင်ခဲ့တာလို့ သိရပါတယ်။
ဒေသခံတယောက်က “အခုလို လူငယ်တွေကို အတင်းဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဖြစ်စဉ်တွေ ရှိလာတော့ ဒေသခံတွေ အတွက် လုံခြုံရေးပိုင်း စိုးရိမ်စရာဖြစ်လာတယ်။ အမျိုးသားဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ် တယောက်တည်း သွားလာတာကို ပိုသတိထားသင့်တဲ့ အခြေအနေ ဖြစ်နေပြီ” လို့ ပြောပါတယ်။
လက်ရှိမှာ ကျူးလွန်သူတွေဖြစ်တဲ့ အောင်လွှမ်းဝေ၊ အောင်ကိုနဲ့ ကိုထွေးတို့ကို ဖမ်းဆီးထားပြီး အေးသာယာနယ်မြေရဲစခန်းမှာ အမှုဖွင့်အရေးယူထားပါတယ်။
လတ်တလော ရှမ်းပြည်နယ်တောင်ပိုင်းမှာ လူငယ်တွေကို စစ်မှုထမ်းဖို့ ဒါမှမဟုတ် အလုပ်အကိုင် ပေးမယ်လို့ ပြောပြီး လိမ်လည်ခေါ်ဆောင်တာ၊ အတင်းအဓမ္မ ဖမ်းဆီးခြိမ်းခြောက်တာနဲ့ လူကုန်ကူးမှုဆန်တဲ့ ဖြစ်စဉ်တွေ မကြာခဏဖြစ်ပွားလာတာကြောင့် ဒေသခံတွေကြား စိုးရိမ်မှု ပိုများ လာနေတယ်လို့ သိရပါတယ်။
ဒေသခံတချို့ကတော့ အခုဖြစ်စဉ်ဟာ ကျားဖြန့်အဖွဲ့တွေ လုပ်ဆောင်ပုံနဲ့ ဆင်တူတယ်လို့ သုံးသပ် နေကြပြီး ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့နဲ့ နောက်ထပ် အလားတူ ဖြစ်စဉ်တွေ ထပ်မဖြစ်အောင် တာဝန်ရှိသူတွေဘက်က တင်းတင်းကျပ်ကျပ် ကိုင်တွယ် စေချင်တယ် လို့ ပြောပါတယ်။










