ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေး၏ ICC တရားခွင် နိုဝင်ဘာ ၃၀ ရက်စမည်

ဖိလစ်ပိုင်နိုင်ငံမှာ လူထောင်ချီ သေဆုံးခဲ့တဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေး စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) မှာ နိုဝင်ဘာ ၃၀ ရက်ကစပြီး တရားစစ်ဆေးတော့မှာ ဖြစ်ပါတယ်။
အသက် ၈၁ နှစ်အရွယ် ဒူတာတေးဟာ ဒါဗာအိုမြို့တော်ဝန်နဲ့ သမ္မတအဖြစ် တာဝန်ယူခဲ့တဲ့ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ လူသတ်မှု ၈၅ မှုနဲ့ လူသတ်ဖို့ ကြိုးပမ်းမှု ၂ မှုတို့နဲ့ ပတ်သက်ပြီး စွပ်စွဲခံ ထားရပါတယ်။
မူးယစ်ဆေးဝါး သုံးစွဲသူတွေနဲ့ ရောင်းဝယ်သူတွေကို ပစ်မှတ်ထားတဲ့ လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့ တွေရဲ့ လက်ချက်နဲ့ လူပေါင်း ၃၀,၀၀၀ အထိ သေဆုံးခဲ့နိုင်တယ်လို့ ICC ဥပဒေအရာရှိတွေက ဆိုပါတယ်။
ဖိလစ်ပိုင် ဥပဒေစိုးမိုးရေးအဖွဲ့တွေကတော့ လူ ၆,၂၄၈ ယောက်သေဆုံးခဲ့တာကို ဝန်ခံထားပါတယ်။ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု စွဲချက် ၃ ခုထဲက တခုခုမှာ အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရရင် ဒူတာတေးဟာ ထောင်ဒဏ်တသက် ကျခံရနိုင်ပါတယ်။
မူးယစ်ဆေးဝါးနှိမ်နင်းရေး စစ်ဆင်ရေးမှာ သား ၂ ယောက် ဆုံးရှုံးခဲ့ရတဲ့ အသက် ၇၃ နှစ်ပြည့်မဲ့ မိခင်တယောက်လည်း တရားခွင်တက်ရောက်ဖို့ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ကို သွားရောက် နေပါတယ်။
“ကျမရဲ့ တခုတည်းသော ဆန္ဒက ကျမသားတွေအတွက်သာမက ဒူတာတေးလက်ထက်မှာ သတ်ဖြတ်ခံခဲ့ရသူအားလုံးအတွက် တရားမျှတမှုရရှိဖို့ ဖြစ်ပါတယ်” လို့ မိခင်က ပြောပါတယ်။
ဒူတာတေးရဲ့ ရှေ့နေတွေကတော့ လူသတ်ဖို့ နိုင်ငံတော် ဒါမှမဟုတ် အဖွဲ့အစည်းတခုခုရဲ့ မူဝါဒ ချမှတ်ခဲ့တာမျိုး မရှိဘူးလို့ တရားခွင်မစမီ တင်သွင်းတဲ့ လျှောက်လဲချက်မှာ ဖော်ပြထားပါတယ်။
ဒူတာတေးဟာ စွဲချက်တွေကို ငြင်းဆိုထားပြီး ၂၀၂၅ ခုနှစ် မတ်လက ဖမ်းဆီးခံရကတည်းက သည်ဟိဂ်မြို့မှာ ထိန်းသိမ်းခံထားရပါတယ်။
တရားစစ်ဆေးမှုဟာ ၂၀၂၇ ခုနှစ်အထိ ကြာမြင့်နိုင်ပြီး နစ်နာခဲ့ရသူ ၅၀၀ ကျော်အတွက် တရားခွင်မှာ ကိုယ်စားပြုလျှောက်လဲပေးသွားမှာ ဖြစ်ပါတယ်။
Source: Reuters











