DVB Logo
Home
Lead Story
စစ်အာဏာရှင်နှင့် ထိုင်းဆက်ဆံ‌ရေးကြောင့် နယ်စပ်လုံခြုံရေး ပိုတင်းကျပ်နိုင်
မြတ်သဇင်
·
August 28, 2026
Photo: CINCDS
Photo: CINCDS
Donate to DVB

မြန်မာစစ်တပ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးဟာ ထိုင်းစစ်ဘက်ဆိုင်ရာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဥကရစ် ဘူတာနွန်နဲ့ ဩဂုတ် ၂၀ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တွေ့ဆုံခဲ့ပြီး နယ်စပ်ဖြတ်ကျော် လက်နက်စီးဆင်းမှုတွေကို တားဆီးဖို့ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီမတိုင်ခင် စစ်အာဏာရှင် မင်းအောင်လှိုင်ကလည်း ထိုင်းနိုင်ငံရဲ့ ဖိတ်ကြားမှုနဲ့ ထိုင်းဝန်ကြီးချုပ် အနုထင်းနဲ့ တွေ့ဆုံခဲ့တုန်းကလည်း နယ်စပ်ကနေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီ စီးဆင်းနေတဲ့ လက်နက်လမ်းကြောင်းကို ဖြတ်တောက်ပေးဖို့ ပြောဆိုခဲ့ပါတယ်။

ဒီလို ထိုင်း-မြန်မာ ဆက်ဆံရေးကြောင့် နယ်စပ်ဒေသ အခြေပြု လှုပ်ရှားနေတဲ့ တော်လှန်ရေး အင်အားစုတွေအပေါ် ကန့်သတ်ချုပ်ချယ်မှုတွေ ပိုဖြစ်ပေါ်လာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ထောက်ပြထားပါတယ်။

“ဒီလိုမျိုး ပူးပေါင်းကြမယ်ဆိုတဲ့ အချိန်မှာ ဒီနယ်နိမိတ်မှာ ရှိနေတဲ့ အဖွဲ့တွေရဲ့ လှုပ်ရှားမှု အပေါ်မှာတော့ ကန့်သတ်မှု ပုံစံမျိုးစုံ ကျနော်တို့ တွေ့ရလာနိုင်တယ်လို့ ခန့်မှန်းလို့ရပါတယ်။ နယ်စပ်ဖြတ်ကျော်ပြီးတော့ ရာဇဝတ်မှုတွေ ပြုလုပ်နေတာကို ဖြေရှင်းဖို့ဆိုရင် တရားမဝင် ကုန်စည်စီးဆင်းမှုတွေကို ပိတ်ဆို့လာမဲ့ အနေအထားမျိုး ရှိတယ်။ အဲဒီခေါင်းစဉ်အောက်မှာ နယ်စပ်ဒေသ အခြေပြုပြီး လက်နက်ခဲယမ်းနဲ့ ရိက္ခာ၊ ဆေးဝါး သယ်ယူပို့ဆောင်ရေး အပိုင်းတွေမှာ ပိုပြီးတော့ ခက်ခဲသွားနိုင်တယ်။ ရောက်လာတဲ့ အထောက်အထားမဲ့ နေထိုင်သူတွေကိုလည်း ဖမ်းဆီးရေးယူတာ၊ နေရပ်ပြန်ပို့တာတွေ ပိုပြီး စီမံဆောင်ရွက်လာနိုင်ပါတယ်။”

ဒါပေမဲ့ ထိုင်း-မြန်မာ နယ်စပ် မိုင် ၅၀၀ လောက်ကို ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက မြေပြင်မှာ လက်တွေ့ထိန်းချုပ်ထားတဲ့အတွက် ထိုင်းစစ်တပ်အနေနဲ့ နယ်စပ်က လက်နက်ကိုင်အဖွဲ့တွေ ဒါမှမဟုတ် မြေပြင်အုပ်ချုပ်ရေးတွေနဲ့ ဆက်ဆံရေးကို ချက်ချင်းပြောင်းလဲဖို့ မဖြစ်နိုင်ဘူးလို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူတွေက သုံးသပ်ကြပါတယ်။

ဒါ့အပြင် ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေ ပါဝင်ပတ်သက်နေတဲ့ Scam Center ကျားဖြန့်ငွေလိမ်ဂိုဏ်းတည်ရှိရာ မြို့တွေ၊ အဂတိလိုက်စားမှုတွေနဲ့ မြေပြင်ရှုပ်ထွေးမှုတွေကြောင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု တိုက်ဖျက်ရေးအတွက် ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု ဆိုရာမှာလည်း ထိရောက်တဲ့ ဖြေရှင်းမှုတွေ ရှိနိုင်ဖို့က ခက်ခဲဦးမှာဖြစ်တယ်လို့လည်း သုံးသပ်ကြပါတယ်။

တဖက်မှာလည်း ထိုင်းအစိုးရက ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ နှစ်ရှည်ဒုက္ခသည်စခန်း ၉ ခုကို ၅ နှစ်ကနေ ၁၀ နှစ်အတွင်း ပိတ်သိမ်းဖို့ ပြင်ဆင်နေပါတယ်။

လက်ရှိ မြန်မာစစ်အာဏာရှင်ကို အသိအမှတ်ပြုနေတဲ့ ထိုင်းအစိုးရကြောင့် နှစ်ရှည်ဒုက္ခသည်စခန်းက ဒုက္ခသည်တွေကို နေရပ်ပြန်ပို့မဲ့အရေးကို စိုးရိမ်နေကြပြီး စစ်မှုထမ်းဥပဒေနဲ့ ပဋိပက္ခတွေကြောင့် ထွက်ပြေးလာတဲ့ အထောက်အထားမဲ့ စစ်ဘေးရှောင်တွေကိုလည်း ဖမ်းဆီးပြီး စစ်အုပ်စုဆီကို အတင်းအဓမ္မ လွှဲပြောင်းပေးမဲ့ ကိစ္စတွေ ပိုတင်းကျပ်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။

ဒေါက်တာ စိုင်းကြည်ဇင်စိုးက “ဒုက္ခသည်စခန်းဆိုတာ ယာယီဖြစ်တယ်။ အခြေအနေ တည်ငြိမ်တယ် ဆိုရင် အဲဒီမှာ နေနေတဲ့လူက သူ့ရဲ့ သက်ဆိုင်ရာ ဌာနေကို ပြန်ရမယ်ဆိုတာ သူတို့ရဲ့ လုပ်ငန်း Process တခု ဖြစ်နေတာကိုး။ US ကလည်း ခေါ်တဲ့ဟာတွေ ပိတ်လိုက်ပြီဆိုတော့ တခြားနိုင်ငံ ခိုလှုံခွင့်စာရင်းဝင်တဲ့သူတွေလောက်ပဲ သွားနိုင်ပြီး အများစုအနေနဲ့တော့ ပြည်တွင်းပြန်ပို့တာခံရမဲ့ အနေအထားမျိုးလို့ ခန့်မှန်းလို့ရပါတယ်။ ဒါ သူတို့ ပိတ်သိမ်းမယ်ဆိုတဲ့ ၁၀ နှစ်တာ ကာလအတွင်းမှာ လုပ်မဲ့လုပ်ငန်းစဉ် ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ကရင်နီဒုက္ခသည်အရေး ကူညီပေးနေတဲ့ ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) ဥက္ကဋ္ဌ မော်ဖရေးမြာ ကတော့ စစ်အာဏာရှင် မင်းအောင်လှိုင်နဲ့ ကာချုပ် ရဲဝင်းဦးတို့ဟာ ထိုင်းနိုင်ငံနဲ့ ဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး တိုက်ရိုက်ဆွေးနွေးတာမျိုး၊ ရှင်းလင်းတိကျတဲ့ သက်သေမျိုး မရှိပေမဲ့ တစိတ်တပိုင်းတော့ စိုးရိမ်မှုတွေ ရှိတယ်လို့ ပြောပါတယ်။

မော်ဖရေးမြာက “ဒုက္ခသည်တွေက တရားဝင် အလုပ်ထွက်လုပ်တယ်၊ တချို့ဆိုလို့ရှိရင်တော့ တရားဝင်မဟုတ်ပေမဲ့ စားဝတ်နေရေးအတွက် အမျိုးမျိုးကြောင့် တရားဝင်လမ်းကြောင်းကနေ ဥပမာ ကတ်တွေ ဘာတွေ တရားဝင်ကတ်နဲ့ ထွက်ပြီးတော့ သွားလာဖို့အတွက် တချို့ငွေကြေး သုံးစွဲမတတ်နိုင်တဲ့လူတွေကျတော့ သူတို့ နီးစပ်ရာ မြို့နယ်၊ နီးစပ်ရာ ထိုင်းကျေးရွာတွေမှာ အလုပ်ထွက်လုပ်တာမျိုးတွေ ရှိတယ်ပေါ့နော်။ ဆိုတော့ မှန်မှန်ကန်ကန်နဲ့ အလုပ်လုပ်သော်ငြားလည်း ထိုင်းနိုင်ငံရဲ့ နယ်စပ်ရေး ဥပဒေ စည်းမျဉ်းစည်းကမ်းတွေ ချိုးဖောက်လို့ အကျုံးဝင်တဲ့ ပုံစံမျိုးနဲ့ ကြုံရရင်တော့ သူတို့ဖမ်းတော့ အထူးသဖြင့် လူငယ်တွေပေါ့နော်၊ ဖမ်းပြီးတော့ ဒီလူကုန်ကူးမှုနဲ့ ဖမ်းတာမျိုးတွေ ဖြစ်နိုင်တယ်၊ တရားမဝင် အလုပ်လုပ်တာမျိုးတွေ ဖြစ်ကောင်းဖြစ်နိုင်တယ်။ အဲဒီအပေါ်မှာ စစ်အုပ်စုထံကို တရားဝင် လွှဲပြောင်းတဲ့ ပုံစံမျိုးနဲ့ ရှိလာခဲ့ရင် လူငယ်တွေရဲ့ လုံခြုံရေး၊ လူငယ်တွေရဲ့ အသက်အန္တရာယ် ပိုပြီးတော့ ထိခိုက်လာတာမျိုးတွေ ရှိလာနိုင်တယ်ပေါ့နော်။ ဆိုတော့ ဒါမျိုးတွေတော့ တစိတ်တပိုင်း အနေနဲ့ တွေးရတယ်ပေါ့” လို့ ပြောပါတယ်။

ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဘန်ကောက်မြို့ကို ရောက်ရှိတဲ့ရက်ပိုင်းမှာ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီဘက်မှာ တိုက်ပွဲတွေဖြစ်ပွားပြီး ထိုင်းဘက်ကို လက်နက်ကျည်တွေ ကျရောက်ခဲ့လို့ ထိုင်းပြည်သူတွေရဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးတာလည်း ရှိခဲ့ပါတယ်။

မြတ်သဇင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013