ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ ဝါဇာလန်ဒို တိုက်ခိုက်ရေးသမားတွေဟာ အီဘိုလာရောဂါ ကာကွယ်ရေးအတွက် ဘူတမ်ဘိုမြို့အဝင်၊ အရှေ့မြောက်ပိုင်းက ဘန်နီမြို့ကိုအသွားလမ်း ၁၂ မိုင်လောက်အကွာ စစ်ဆေးရေးဂိတ်မှာ လက်ဆေးစခန်းတခု ဖွင့်ထားပါတယ်။
အီဘိုလာ ရောဂါကူးစက်မှုက ပုံစံပြောင်းလာတာကြောင့် ပြည်သူတွေကို ကာကွယ်ဖို့ ရေနဲ့ ဆပ်ပြာ အမြဲရှိအောင် ကိုယ့်အိတ်စိုက် ပိုက်ဆံစုပြီး ရေတိုင်ကီ အသေးတလုံး ဝယ်ပြီး လုပ်ခဲ့တာလို့ တပ်မှူး အာဖန်ဒေ မိုဘူတူက ပြောပါတယ်။
လမ်းသွားလမ်းလာတွေကို အတင်းအကျပ် မခိုင်းဘဲ ရောဂါအကြောင်း အရင်ရှင်းပြပေးတဲ့အခါ နားလည်တဲ့သူတွေက အဆင်ပြေပြေနဲ့ လက်ဆေးကြတယ်လို့လည်း ဆိုပါတယ်။
ဒီလုပ်ရပ်ကို မော်တော်ဆိုင်ကယ် ကယ်ရီသမား မူဟင်းဒို ကာဘာနန်ဂါကလည်း သဘောပေါက်ပြီး ဂိတ်တွေမှာ ထုတ်ပြန်ထားတဲ့ ကျန်းမာရေးစည်းကမ်းတွေကို လိုက်နာဖို့ သူစီးတဲ့ ခရီးသည်တွေကို ပြန်ပြီး အသိပညာပေးသွားမယ်လို့ ပြောခဲ့ပါတယ်။
ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ အီဘိုလာကပ်ရောဂါ တုံ့ပြန်နှိမ်နင်းရေးကို ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
အစိုးရတာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ အတည်ပြုလူနာ ၇,၂၅၈ ယောက်ရှိပြီး ၁,၇၂၆ ယောက် ရောဂါပျောက်ကင်းခဲ့ကာ ၃,၅၁၀ ယောက် သေဆုံးခဲ့ပါတယ်။
ကူးစက်မှု ၇၈ ရာခိုင်နှုန်းရှိတဲ့ အီတူရီဒေသကတော့ ရောဂါအဆိုးဆုံး ဗဟိုချက်အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။
စက်တင်ဘာ ၁၅ ရက် သတင်းစာရှင်းလင်းပွဲမှာ ဇီဝဆေးသုတေသန ညွှန်ကြားရေးမှူးချုပ် ယွန်-ယက်ကယ် မူယမ်ဘီက အခြေအနေတွေ ပြန်ကောင်းလာပြီလို့ ပြောသလို ကျန်းမာရေးဝန်ကြီး ဆာမူအယ် ရော်ဂျာ ကမ်ဘာကလည်း ရောဂါကူးစက်မှု အဆိုးရွားဆုံးအဆင့် ကျော်လွန်ပြီး ကူးစက်နှုန်း ပြန်ကျလာပြီလို့ အတည်ပြုထားပါတယ်။
“နောက်ဆုံးရထားတဲ့ ကိန်းဂဏန်းတွေအရ ရောဂါကူးစက်မှုနှုန်း နည်းပါးသွားတဲ့ အလားအလာကို တွေ့ရပါတယ်” လို့ သူက ပြောသွားပါတယ်။
Source: Reuters











