
ရန်ကုန်မြို့တွင်း ဘတ်စ်ကားပြေးဆွဲတဲ့ စနစ်သစ် အပြောင်းအလဲမှာ သွားလာဖို့ အခက်အခဲ ကြုံတွေ့နေသူတွေကို ကိုယ်ပိုင်ယာဉ်တွေ၊ အငှားယာဉ်တွေက တပိုင်တနိုင်အခမဲ့ ပို့ဆောင်ပေးနေ ပါတယ်။
အရင်က ကားလိုင်း ၃၀၀ ကျော်ပြေးဆွဲတာကနေ ဇန်နဝါရီ ၁၆ ရက်ကစပြီး လိုင်း ၇၀ လောက်ပဲပြေးဆွဲတော့လို့ သွားလိုရာကို တိုက်ရိုက် မရောက်တာတွေ၊ သတ်မှတ်ထားသလောက် ကားတွေ အပြည့်အဝ မပြေးဆွဲသေးတာတွေကြောင့် မှတ်တိုင်တွေမှာ ခရီးသည်တွေအများကြီး စောင့်ဆိုင်းနေခဲ့ကြရပါတယ်။
ဒါကြောင့် ကိုယ်ပိုင်ယာဉ်၊ အငှားယာဉ်တွေက လိုအပ်တဲ့ နေရာတွေကို အခမဲ့ ပို့ဆောင်ပေးနေကြတာလို့ မင်္ဂလာတောင်ညွန့်မြို့နယ် တပိုင်တနိုင်ယာဉ်ရောင်းဝယ်ရေးအသင်း ဥက္ကဋ္ဌ ဦးထွန်းထွန်းကပြောပါတယ်။
“မနက် ၇ နာရီလောက်ကစဆွဲတယ်။ နေ့လယ်ဘက်နားပြီး ညနေကနေ ညဘက်အထိ ဆွဲပေးတယ်။ ဆူးလေ၊ တာမွေဆွဲပေးမယ်ဆိုပေမယ့် လိုအပ်တဲ့နေရာတွေကို ကားတွေပို့ပေးပါတယ်။”
လာမယ့် သောကြာနေ့အထိ ပြေးဆွဲပေးမှာ ဖြစ်ပြီး မနက်ပိုင်းနဲ့ ညနေပိုင်း လိုအပ်ချိန်တွေမှာ ပြေးဆွဲပေးတယ်လို့လည်း သူက ပြောပါတယ်။ လက်ရှိမှာ ကား ၁၅ စီးလောက်သုံးပြီး ပြေးဆွဲပေးနေတယ်လို့ ဆိုပါတယ်။
မြို့တွင်းပတ်ပြီးပြေးဆွဲမယ့် လိုင်းတခုဖျက်သိမ်းထားလို့ အခက်အခဲ ဖြစ်နေပြီး ဒီအတွက်လည်း အငှားယာဉ်တချို့က ကူညီနေပါတယ်။
“ဒီနေ့ကတော့ မြို့တွင်းမှာ ပိုဆွဲဖြစ်တယ်။ ကျနော့်ကားမှာ အခမဲ့ဆိုတာ ကပ်ထားတယ်။ မှတ်တိုင်တွေရောက်လို့ လုပ်အားပေးနေသူတွေက စီစဉ်ပေးသလို လိုက်ဆွဲပေးတယ်” လို့ တက္ကစီယာဉ်မောင်း ကိုစောသက်ဦးက ပြောပါတယ်။
တက္ကစီမောင်းသူ ကိုညီညီမောင်ကလည်း “မနက် ၉ နာရီလောက်ကစပြီးဆွဲဖြစ်တာ။ အခမဲ့ ပြေးဆွဲပေးနေတဲ့ကားတွေ တော်တော်တွေ့ပါတယ်” လို့ ပြောပါတယ်။
ရန်ကုန်မြို့မှာ နေ့စဉ် ဘတ်စ်ကားနဲ့ ခရီးသွားနေသူ ၂ သန်းကျော်ရှိနေတာပါ။ အစီအစဉ်သစ် စတင်ပြီး ဒုတိယနေ့မှာ ရန်ကုန်မြို့တွင်း ခရီးသည်တင်ယာဉ် သုံးထောင်ကျော် ပြေးဆွဲနေပြီလို့ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
ခရီးသွားပြည်သူတွေ အဆင်ပြေဖို့ လက်ရှိ YBS စနစ်ကို အချိန်တိုအတွင်း အဆင့်မြှင့်တင်မှာ ဖြစ်ပြီး ဖေဖော်ဝါရီလမှာ ကားသစ်တွေ အားဖြည့်ပေးမယ်လို့လည်း ၀န်ကြီးချုပ်က ပြောပါတယ်။
လောလောဆယ်မှာတော့ ခရီးသွားတွေ အဆင်ပြေစေဖို့ နာရေးကူညီမှုအသင်း (ရန်ကုန်) အပါအ၀င် ပရဟိတ အဖွဲ့တွေသာမက၊ ပုဂ္ဂလိကဘဏ်တွေ၊ ခရီးသွားကုမ္ပဏီတွေ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ကလည်း သူတို့ကားတွေနဲ့ အခမဲ့ ပြေးဆွဲ ပေးနေပါတယ်။










